ပြိုင်ဘက်များဖြစ်သော်လည်း စီရော်နယ်ဒိုကို လေးစားကြောင်း ဂရစ်ဇ်မန်း ဖွင့်ဟ

ပြိုင်ဘက်များဖြစ်သော်လည်း စီရော်နယ်ဒိုကို လေးစားကြောင်း ဂရစ်ဇ်မန်း ဖွင့်ဟ

နိုဝင်ဘာ ၂၆၊ စပိန် ။             ။ မိမိတို့နှစ်ဦးမှာ မက်ဒရစ်မြို့ခံအသင်းနှစ်သင်းတွင် ကစားနေကြသည့် ပြိုင်ဘက်များဖြစ်သော်လည်း စီရော်နယ်ဒိုကို လေးစားကြောင်း ဂရစ်ဇ်မန်းက ဖွင့်ဟပြောဆိုခဲ့သည်။

အက်သလက်တိုက်စစ်မှူး ဂရစ်ဇ်မန်းသည် ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုအား ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့ရသလို ယူရို ၂၀၁၆ ပြိုင်ပွဲတွင်လည်း ပြင်သစ်အသင်းနှင့်အတူ စီရော်နယ်ဒိုဦးဆောင်သည့် ပေါ်တူဂီအသင်းကို ရှုံးခဲ့ရသည်။

စီရော်နယ်ဒိုနှင့်၎င်းမှာ နိုင်ငံအသင်းနှင့် ကလပ်အသင်းတွင်ပါ ပြင်းထန်သည့်ပြိုင်ဘက်များဖြစ်သော်လည်း ဂရစ်ဇ်မန်းက ၎င်းတို့နှစ်ဦးမှာ ရင်းနှီးသည့် အိမ်နီးချင်းကောင်းများဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ ၎င်းတို့နှစ်ဦးမှာ မက်ဒရစ်မြို့တွင် ရပ်ကွက်တစ်ခုအတွင်း အတူနေထိုင်ခဲ့ကြခြင်း ဖြစ်သည်။

‘ရော်နယ်ဒိုက ကျွန်တော့်ရဲ့ အိမ်နီးချင်းပါ။ နေ့တိုင်း သူ ကျွန်တော့်အိမ်ကို လာပါတယ်။ ကျွန်တော်တို့ ရင်းရင်းနှှီးနှီး စကားတွေ ပြောဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်က ကျွန်တော် အိမ်ပြောင်းခဲ့ပါတယ်။  အဲ့နောက်ပိုင်း သိပ်မတွေ့ဖြစ်တော့ဘဲ ပြီးခဲ့တဲ့ နွေရာသီအားလပ်ရက်က မီယာမီကစားသောက်ဆိုင်မှာ ရော်နယ်ဒိုနဲ့ ပြန်တွေ့ခဲ့ပါတယ်။

ယူရိုပြိုင်ပွဲရဲ့ အရှုံးကို မမေ့နိုင်သေးလို့ သူ့ကိုမုန်းတယ်လို့ ကျွန်တော်နောက်လိုက်ပါသေးတယ်။ ချန်ပီယံလိဂ်ဖလားနဲ့ ယူရိုဖလားတွေကို ရခဲ့လို့ သူ့အတွက် ဂုဏ်ယူကြောင်း ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ မက်ဒရစ်ဒါဘီတုန်းကလည်း သူဂိုးတွေသွင်းခဲ့ပါတယ်။ စီရော်နယ်ဒိုကို အများကြီးလေးစားပါတယ်။ ဒီအချိန်မှာ ကျွန်တော်သာ လူငယ်တစ်ဦးဆိုရင် သူ့ပရိသတ်ဖြစ်နေမှာပါ။ မက်ဆီ၊ နေမာနဲ့   ပေါ့ဂ်ဘာတို့ကို  ကြိုက်သလိုပေါ့’ ဟု ဂရစ်ဇ်မန်းက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly