မလေးရှားပွဲတွင် အနိုင် သုံးမှတ်ပြည့်ရယူမည်ဟု မြန်မာအသင်း နည်းပြချုပ် ပြော

မလေးရှားပွဲတွင် အနိုင် သုံးမှတ်ပြည့်ရယူမည်ဟု မြန်မာအသင်း နည်းပြချုပ် ပြော
(ဓာတ်ပုံ - MFF)

ဆီမီးဖိုင်နယ် တက်ရောက်နိုင်ရေး အဆုံးအဖြတ် ပွဲစဉ်ဖြစ်တဲ့ မလေးရှားအသင်းနှင့် ပွဲတွင် သေချာပေါက် အနိုင်သုံးမှတ်ကို အရယူမယ်သွားမယ်လို့ မြန်မာ့လက်ရွေးစင် အသင်း နည်းပြချုပ် မစ္စတာ ဂတ်ဆီဇီက နိုဝင်ဘာ ၂၅ ရက်နေ့က နိုဗိုတယ် ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မြန်မာအသင်းဟာ ၂၀၁၆ ဆူဇူကီးဖလား အုပ်စု(ခ) ပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၃ မှတ် ဂိုးကွာခြားချက် အသာဖြင့် ရမှတ်တူ မလေးရှားအသင်းရဲ့ အထက် ဒုတိယနေရာတွင် ရှိနေပါတယ်။ ဂိုးကွာခြားချက် အသာစီး ရတောကြောင့် နောက်ဆုံးပွဲတွင် သရေ ကစားရုံနဲ့ ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်မှာဖြစ်ပေမယ့် သရေတစ်မှတ်ကို ဦးတည် ကစားမှာ မဟုတ်ဘူးလို့ မြန်မာအသင်း နည်းပြချုပ် မစ္စတာ ဂတ်ဆီဇီက ပြောကြားခဲ့ပါတယ်။

"မလေးရှား အသင်းရဲ့ ဗီယက်နမ်နဲ့ ပွဲက ကစားပုံကို အတော်လေး အထင်ကြီးမိပါတယ်။ မလေးရှားက အသင်းကောင်း တစ်သင်းဖြစ်တာကြောင့် ကျွန်တော်တို့ နှစ်သင်း ထိပ်တိုက်တွေ့မယ့် မနက်ဖြန် ပွဲဟာ သေချာပေါက် ပင်ပန်းမယ့်၊ ခက်ခဲမယ့် ပွဲပါ။ အနေအထားက သူသေ၊ ကိုယ်သေ ရုန်းကန်ရမယ့် အနေအထား ဖြစ်နေပါပြီ။ ကျွန်တော်ကတော့ ရှင်သန်သူပဲ ဖြစ်ချင်ပါတယ်။ ဒါကြောင့် အနိုင်သုံးမှတ်အတွက်ပဲ ကစားသွားမှာပါ။ သရေတစ်မှတ်ကိုပဲ ဦးတည်ပြီး ကစားမှာ မဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့အတွက် အရမ်းကို အန္တရာယ်များပါတယ်"လို့ မြန်မာအသင်း နည်းပြချုပ် မစ္စတာ ဂတ်ဆီဇီက ပြောကြားခဲ့ပါတယ်။

မလေးရှား အသင်း နည်းပြချုပ် မစ္စတာ အွန်ကင်မ်ဆွီးကလည်း မြန်မာနှင့် ပွဲမှာ အနိုင်ရလဒ်ကိုသာ အရယူသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

"နောက်ဆုံးပွဲမှာ ကျွန်တော်တို့ နှစ်သင်းလုံး ရလဒ်ကောင်း ရဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် ပွဲကောင်းတစ်ပွဲ ဖြစ်မှာ အသေအချာပါပဲ။ မြန်မာအသင်းက လူငယ်တွေ အများစု ပါဝင်ပြီး တစ်ကယ့်ကို တောင့်တင်း လျှင်မြန်တဲ့ အသင်း တစ်သင်းပါ။ သူတို့က အိမ်ရှင်ဖြစ်တဲ့အတွက် အိမ်ရှင်ဆိုတဲ့ အားသာချက် တစ်ရပ်တော့ ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အသင်းအနေနဲ့ အနိုင်ရလဒ်ကို အရယူနိုင်ဖို့ အားထုတ်သွားမှာပါ။ ပရိသတ်တွေရဲ့ ဖိအားအတွက်တော့ ကျွန်တော့် ကစားသမားတွေကို သိပ်ပြီး စိတ်မပူမိပါဘူး။ ပရိသတ် ဖိအားဒဏ်ကို သူတို့တွေ ကောင်းကောင်း ကိုင်တွယ်နိုင်ပါတယ်"လို့ မလေးရှား အသင်း နည်းပြချုပ် အွန်ကင်မ်ဆွီးက ပြောပါတယ်။

မြန်မာ့လက်ရွေးစင် အသင်းနှင့် မလေးရှား အသင်းတို့ဟာ နောက်ဆုံးကျင်းပခဲ့တဲ့ ၂၀၁၄ ဆူဇူကီးဖလား ပြိုင်ပွဲမှာ အုပ်စုတွင်းမှာ တွေ့ဆုံခဲ့ကြပြီး ဂိုးမရှိ သရေကျခဲ့ပါတယ်။

မြန်မာအသင်းနှင့် မလေးရှား အသင်းတို့ရဲ့ ပွဲစဉ်ကို နိုဝင်ဘာ ၂၆ ရက် ညနေ ၆းဝဝ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

Source: MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required