လူငယ်နှင့် ဆိုရှယ်မီဒီယာ (အပိုင်း ၂)

25 November 2016
လူငယ်နှင့် ဆိုရှယ်မီဒီယာ (အပိုင်း ၂)

ဒေါ်မွန်မွန်မြတ် (ဒါရိုက်တာ)

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်

ကလေးတွေက Facebook တို့ Messanger တို့မှာ သုံးကြတဲ့စကားလုံးတွေက အင်္ဂလိပ်လို ရေးပြီးတော့ သုံးကြတာ။ အဲဒါတွေကို နားလည်ဖို့ရာအတွက် ၃ ရက်လောက် ကြိုးစားလိုက်ရတယ်။ ဆိုတော့ ကျွန်မအတွေ့အကြံုအရတော့ ကိုနေဘုန်းလတ်ရေ အဲဒါတွေကလည်း လူငယ်တွေကြားမှာ တော်တော်ကို အသုံးများတယ်ပေါ့နော်။ အဲဒီမှာ သူတို့တွေရဲ့ပြဿနာက ဘာတွေရှိလဲဆိုတော့ အထူးသဖြင့် မိန်းကလေးတွေ ထောင်ချောက်တွေကို မမြင်ပဲနဲ့ အတွေ့အကြံုမရှိတဲ့ နုနယ်တဲ့ မိန်းကလေးတွေက ကမ္ဘာပေါ်မှာ လွယ်လွယ်ကူကူ တိုးဝင်တက်တာ မှားဝင်တက်တာ အဲဒါတွေကို တာဝန်ရှိသူတွေအနေနဲ့ ဘယ်လိုကာကွယ်ကြမလဲ တာဝန်ရှိတဲ့အဖွဲ့အစညး်တွေအနေနဲ့ ဘယ်လိုများ ကာကွယ်ပေးနိုင်မလဲပေါ့။

ဦးနေဘုန်းလတ်

ရန်ကုန်တိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ်

အဓိက သူများကာကွယ်ပေးတာထက် ကျွန်တော်ကတော့ ကိုယ့်ကိုုယ်ကိုယ် ကာကွယ်ဖို့ ပြောချင်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဆို ပြန်စဉ်းစားကြည့်ပေါ့နော် ခေတ်ကို ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် ကောင်မလေးတစ်ယောက်ရဲ့ နာမည်ကို သိရဖို့အတွက် တော်တော်ကို လိုက်မေးရတယ် တော်တော်နဲ့မပြောဘူး။ တစ်ရက်လည်းမပြောဘူး၊ နှစ်ရက်လည်းမပြောဘူး၊ နာမည်သိပြန်ရင်လည်း ဓာတ်ပုံက တော်တော်ကို တောင်းယူရတယ်။ ပြီးရင် သူ့ဖုန်းနံပါတ်တို့ အိမ်နံပါတ်တို့ ရဖို့ကတော့ ဝေးသေးပေါ့။ ဒါပေမယ့် အခုခေတ်က အမှန်တိုင်းပြောမယ်ဆိုရင် ကိုယ့်နာမည်တို့ ကိုယ့်ဖုန်းနံပါတ်တို့ ကိုယ့်ဓာတ်ပုံတို့ ကိုယ့်အိမ်လိပ်စာတို့ ဆိုတာက တကယ့် ဒါ Private Data လို့ခေါ်တာပေ့ါနော်။ ကိုယ်တစ်ယောက်တည်း သိရမယ့် သိသင့်တဲ့အချက်တွေပါ။ များများသိလေ အန္တရာယ်များလေလေပဲ ဆိုတဲ့အနေအထားမျိုးမှာ အဲဒါတွေကို မမျှော်လင့််ပဲနဲ့ ကျွန်တော်တို့တွေက Facebook မှာ ကိုယ်မသိလိုက်ပဲနဲ့ ရှဲမိနေတယ်။ သူများကို သွားပြီးတော့ ပို့မိနေတယ်။ ထိန်းသိမ်းစေချင်တယ်။ ဓာတ်ပုံတွေကိုလည်း ပြတာတော့ ပြချင်တာပေါ့နော် နည်းနည်း ထိန်းထိန်းသိမ်းသိမ်းပေါ့နော်။ ကိုယ့်ရဲ့ အန္တရာယ်ကိုလည်း ကျွန်တော် မြင်စေချင်ပါတယ်။

နောက်တစ်ခုက ဘာလဲဆိုတော့ ကာကွယ်ဖို့ဆိုတဲ့ အနေအထားတစ်ခုမှာ ကျွန်တော်မြင်တာကတော့ နည်းပညာနဲ့ အသိပညာက တစ်ပြိုင်တည်း တိုးတက်သင့်တယ်ဗျ။ မဟုတ်ရင် ကျွန်တော်တို့က နည်းပညာရဲ့ ဆိုးကျိုးတွေကို ပိုရတတ်တယ်။ အဲတော့ ကျွန်တော်တို့က နောက်ကျတာက အသိပညာ နောက်ကျနေတယ်။ နည်းပညာကတော့ ဝုန်းခနဲဒိုင်းခနဲဆို ကျွန်တေ်ာတို့မျက်စိရှေ့ကို ရောက်လာ တာ၊ ဒါပေမယ့် အသိပညာကတော့ အဲလိုမျိုး မရောက်ဘူး။ အသိပညာပေးမှုတွေ အများကြီးလုပ်ဖို့ လိုအပ်တယ်။ ကျွန်တော်ကတော့ ဖြစ်စေချင်တာက အမျိုးသမီးတွေရော ကလေးတွေပါ   နိုင်ငံခြားမှာ ဆိုရင် ကလေးတွေကို အဓိက သဘောသဘာဝ နားလည်ဖို့ပဲ။ ဖေ့ဘုတ်ဆိုတာ ဘယ်လိုဟာမျိုး ဆိုရှယ်နက်ဝပ််ပေါ်မှာ ပြောတဲ့စကားတွေကို ၁၀၀ ရာခိုင်နှုန်း မယုံကြည်နဲ့ဆိုတဲ့ ကိစ္စ ဒါတွေသာ   ခေါင်းထဲမှာ သိနေတယ်ဆိုရင် ကျွန်တော်တိုု့က အန္တရာယ်ကို ကြိုပြီးတော့ ရှောင်နိုင်တယ်။ အဲတော့ တစ်ဖက်မှာ ကျွန်တော်တို့ အသိပညာပေးတဲ့လုပ်ငန်းလေးတွေကို မီဒီယာတွေကပဲဖြစ်ဖြစ် အခြား အစိုးရတာဝန်ရှိသူတွေကပဲဖြစ်ဖြစ် ပေးသင့်တယ်။ သုံးတဲ့သူတွေကိုယ်တိုင်ကလည်း အဲဒီ အသိပညာတွေကို ဆည်းပူးသင့်တယ်။

အမှန်တိုင်းပြောရရင် ဖေ့ဘုတ်ပေါ်မှာတောင်မှ ရေးထားတာတွေ ရှိပါတယ်။ လိုက်နာသင့်တဲ့ဟာတွေ Privacy တွေနဲ့ပတ်သက်ပြီး မချိုးဖောက်ဖို့တွေ အဲလိုမျိုးလေးတွေ ရေးတာတွေ တွေ့ပါတယ်။ ဒါပေမယ့် တော်တော်များများ ဘယ်သူမှ မဖတ်ကြပါဘူး။ အဲဒါမျိုးလေးတွေကို ကိုယ်ကိုယ်တိုင်လည်းလေ့လာ အများကလည်း ဝိုင်းရှယ်ကြမယ်ဆိုရင် နှစ်ခု ပြိုင်တူ တိုးတက်မယ်ဆိုရင်တော့ အန္တရာယ် နည်းသွားနိုင်ပါတယ်။

ဒေါ်မွန်မွန်မြတ် (ဒါရိုက်တာ)

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်

ကိုနေဘုန်းလတ်ပြောသွားတဲ့သဘောကတော့ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူမှုလည်း ရှိရမယ်ပေါ့နော်။ ကိုယ့်ရဲ့ လုံခြံုရေးအတွက် အဓိက တာဝန်ရှိတာကတော့ ကိုယ်ကိုယ်တိုင်ပါပဲပေါ့။ ဆိုတော့ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေ ယောက်ျားလေးတွေရဲ့အတွက်ကတော့ မိဘအုပ်ထိန်းမှုအောက်ကနေ သုံးတာတော့ အကောင်းဆုံးပေါ့နော်။ အသက်ပြည့်ပြီးတဲ့ မိန်းကလေးတွေအနေနဲ့ ထားပါတော့လေ ဒီလိုမျိုး ဆိုရှယ်မီဒီယာပေါ်မှာ ချစ်ကြိုက်ကွဲညားတွေ ဖြစ်ပြီးတော့ တစ်စုံတစ်ရာ ကိုယ့်ပေါ်မှာ အကျိုးသက်ရောက်လာပြီဆိုရင်တော့ တာဝန်ရှိမှုဆိုတော့ ယောကျ်ားလေးနဲ့ မိန်းကလေးကြားမှာ တာဝန်ယူမှုက မိန်းကလေးတွေမှာလည်း ရှိလာနိုင်တယ်ပေါ့နော်။ အသက်အရွယ်ပြည့်ပြီးသား မိန်းကလေးတစ်ယောက်က ဆိုရှယ်မီဒီယာပေါ်မှာ တွေ့တဲ့လူတစ်ယောက်နဲ့ တစ်စုံတစ်ရာ ဖြစ်ခဲ့တယ်ဆိုရင်ရော ဘယ်သူ့မှာ ပိုပြီးတော့ တာဝန်ရှိမလဲ သူ့မှာရော တာဝန်မရှိဘူးလား။ ဒါမှမဟုတ်ရင် အခြားတစ်ယောက်ယောက်နဲ့ ပတ်သက်ပြီးတော့ ဆွဲဆောင်တဲ့   ယောကျ်ားလေးတစ်ယောက်ယောက်မှာရော တာဝန်မရှိဘူးလား။ အဲဒါနဲ့ပတ်သက်ပြီးတော့လည်း ဆရာမအနေနဲ့ ဆွေးနွေးပေးပါဦး။

မတူးတူးသာ (အယ်ဒီတာချုပ်)

သန်လျင်ပို့စ် ဂျာနယ်

ခုနက ကိုနေဘုန်းလတ်ပြောသွားတာ ကောင်းပါတယ်။ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူရမယ်ဆိုတာက ကိုယ့်ကိုယ်ကိုယ် တာဝန်ယူမှပဲ လုံခြံုမှာလေ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်သားကို တာဝန်ယူခိုင်းတဲ့အချိန်ဆိုရင် နောက်ကျနေပြီပေါ့နော်။ အဲတော့ ဒီ အွန်လိုင်းမှာ တွေ့ကြတယ် မိန်းကလေးတွေ ကျွန်မလည်း ကြံုဖူးပါတယ်။ တခြားမိန်းကလေးတွေပေါ့နော် မျက်စိရှေ့မှာတင် မီဒီယာသမားလည်းဖြစ်တော့ ဂျာနယ်လည်းလုပ်နေတဲ့အခါကျတော့ ကိုယ့်ရှေ့ကိုရောက်လာတဲ့ ပြဿနာမျိုးတွေပေါ့။ အဲဒါမျိုးတွေပါ ကျွန်မ ကြံုရတယ်။ အဲလိုပဲ ယုံစားလိုက်မိတယ်။

 ပြီးတော့ တစ်ဖက်က ယောက်ျားက အိမ်ထောင်ရှိနေတယ်ဆိုတဲ့ ဟာမျိုးပေါ့။ အဲဒါဆို သူတို့ နောက်ကျသွားပြီပေါ အဲလိုမျိုးဆိုရင် စိတ်မကောင်းစရာပဲ၊ သူတို့က လူပျိုပါလို့ ပြောလိုက်ရင်လည်း ယုံလိုက်တာပဲ။ အွန်လိုင်းပေါ်မှာက ရေးချင်တာရေးတာပဲလေ။ လိုင်းပေါ်မှာ ကိုရီးယားမင်းသမီးတင်ထားပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒါ သမီးပုံပါဆိုပြီးတော့ အဖွားကြီးတွေက တင်ရင်လည်း တင်ထားကြတာပဲလေ။ အဖိုးကြီးကလည်း လူပျိုလေးပါဆိုပြီးတော့ မင်းသားလေးပုံ တင်ထားလည်း ရတာပဲလေ။ အဲလိုမျိုး အမျိုးမျိုး လှည့်ပတ်လို့ရတဲ့ကိစ္စပေါ့နော်။ ဒီဟာကိုတော့ နားလည်သင့်တယ်။

နောက်တစ်ခုက နည်းပညာပေါ့နော် အရမ်းဖွံ့ဖြိုးလာပြီးတော့ ဖုန်းတွေ တအားပေါလာတဲ့အခါမှာ ဒီဘက်ခေတ်မှာ တစ်နှစ်နှစ်နှစ်အတွင်းမှာ ဖုနး်တွေက တအားပေါလာတာပေါ့နော်။ အရင်တုန်းက ဖုန်းတစ်လုံးကိုင်ဖို့ ခက်ခဲ့တဲ့ကာလက သိပ်ပြဿနာမရှိပေမယ့် အရမ်းပေါလာတဲ့အခါကျတော့ လူတိုင်းကိုင်နိုင်တယ်။ လမ်းဘေးစျေးသည်လည်း ကိုင်နိုင်တယ်။ တောကမိန်းကလေးလည်း ကိုင်နိုင်တယ်။ စက်ရုံက အထည်ချုပ်သမားလေးတွေလည်း ကိုင်နိုင်တယ်ဆိုတော့ လူတန်းစားမျိုးစုံ ကိုင်နိုင်တဲ့အခါကျတော့ ပညာတတ််ရယ် ပညာမဲ့ရယ်မဟုတ်ဘူး ဒီ ဆင်ခြင်တုံတရားရှိတဲ့သူရယ် မရှိတဲ့သူရယ် မဟုတ်ဘူး အကုန်လုံးကိုင်နိုင်တဲ့အခါကျတော့ အရမ်း အန္တရာယ်များတယ်လို့ ကျွန်မထင်တယ်။ အဲတော့ ဒီ ဖေ့ဘုတ်မှာ Friends များများရရင်ပြီးရောဆိုတဲ့ဟာမျိုးကို ကျွန်မအနေနဲ့ သတိပေးချင်တာ ကတော့ အဲဒီမိန်းကလေးတွေကို သတိပေးချင်တယ်။ Friends များများရရင်ပြီးရောဆိုပြီး လူတကာကို လိုက်အပ်(Add) တာတို့ လူတကာလာအပ်သမျှကို လက်ခံတာတို့ အဲဒါမျိုးတွေကိုတော့ ကျွန်မထင်တယ် မလုပ်သင့်ပါဘူး။ ကိုယ်က နည်းချင်နည်းပါစေ အဲဒီလူတွေက ကိုယ်တကယ်သိတဲ့သူ မသိတဲ့သူဆိုရင်တောင်မှ အနည်းဆုံး ဒီလူရဲ့အကြောင်းကို မြင်ဖူးတဲ့သူ အနည်းဆုံးတော့ ကိုယ်ရဲ့သူငယ်ချငး်ကနေ သိတဲ့သူပဲဖြစ်ဖြစ် အဲလိုမျိုးလေးတွေကို နည်းနည်း ရွေးချယ်ပြီးတော့ လုပ်စေချင်တယ်။ လူများရင်ပြီးရော လူများမှ ငါတင်တဲ့ ပို့စ် Like များများရမှာဆိုတဲ့ အဲလို အတွေးမျိုး ကလည်း တော်တော်များများမှာ တော်တော်လေးကို လွဲချော်နေတယ်။ အဲဒါတွေကြောင့်လဲ အရမ်းကို စည်းရုံးရလွယ်တယ်၊ အရမ်းကို စွဲဆောင်ရတာ အရမ်းလွယ်တယ်။ တော်ရုံလောက် Chat Box ကနေ ပြောလိုက်တာနဲ့ ပါသွားတာ။ တချို့ဆို ဒီဆိုရှယ်မီဒီယာမှာ ပြောချင်တာပြောတာလေ တစ်ယောက်နဲ့တစ်ယောက်က အရမ်းချစ်လို့လည်းရတယ် အရမ်းမုန်းလို့လည်း ရတယ်။ အဲဒီဟာလေးကို လူငယ်တွေအနေနဲ့ အထူးသဖြင့် လူူငယ်မိန်းကလေးတွေပေါ့ အဲလိုမျိုး ခြေလှမ်းကျွမ်သွားပြီဆိုရင် တာဝန်ယူတာ ဘယ်သူတာဝန်ယူယူလေ ပြီးသွားတော့မှ တာဝန်ယူတာ အရင်ဆုံး ခံလိုက်ရတာက ကျွံသွားမှာက မိန်းကလေးဘက်က ကျွံသွားမှာဆိုတော့ အဲဒါကိုတော့ စဉ်းစားသင့်တယ်။ ကြိုပြီးတော့ ဆင်ခြင်တုံတရားလေးနဲ့ သူငယ်ချင်း များရင်ပြီးရောဆိုတာမျိုး မလုပ်သင့်ဘူးလို့တော့ ကျွန်မ ထင်တာပဲ။

ဒေါ်မွန်မွန်မြတ် (ဒါရိုက်တာ)

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်

တစ်နေ့ကပဲ ဒါက မိန်းကလေးတွေအပြင်ပေါ့ နောက် တစ်ခုရှိတာက တစ်နေ့ကပဲ သတင်းတစ်ခုမှာ ဖတ်လိုက်ရတယ်။ အနောက်နိုင်ငံတစ်ခုမှာပါပဲ။ ကလေးက သူ့ပုံတွေကို ခွင့်ပြုချက်မရပဲ သူ့မိဘတွေက တင်လို့ တရားစွဲမယ်ဆိုတဲ့ သတင်းလေး ဖတ်လိုက်ရမှာပါ။ အဲတော့ တချို့မိဘတွေကလည်း မွေးကတညး်က ရက်သားအရွယ်လေးကို ဖေ့ဘုတ်မှာ တင်ကြတာပေါ့နော်။ ဒီကလေးလေးကတော့ မသိဘူးပေါ့နော်။ အဲတော့ ကလေးတွေက အခွင့်အရေးကို ချိုးဖောက်တယ်ဆိုတဲ့ဟာကိုလည်း သတိထားမိမှာမဟုတ်ဘူး။ သူတို့ သားလေးသမီးလေးကို ပြောပြချင်တာပေါ့။ ဒါက ကိုယ့်မိတ်ဆွေတွေ ကိုလည်း ပြချင်တာပေါ့။ ဆိုတော့ အဲဒီဟာမျိုးတွေကိုရောက ကျွန်မတို့ ဘယ်လိုမျိုး တချို့တွေက Sex Page တွေမှာ ကိုယ့်ကလေးတွေပုံတွေကို တင်လိုက်တာမျိုးပေါ့ ဆိုတော ့အဲဒါမျိုးတွေနဲ့ ပတ်သက်ပြီး   တော့ရော ကိုစိုပြေအနေနဲ့ အတွေ့အကြံုတွေ မြင်ဖူးတာတွေ ဇာတ်လမ်းတွေ ရေးဖူးတာ ရှိလားပေါ့နော်။ ဒါမှမဟုတ်ရင်လည်း ဖတ်ထားဖူးတဲ့ ဇာတ်လမ်းလေးတွေရှိရင်လည်း ဝေမျှပေးပါဦး။

ကိုစိုပြေ (စာရေးဆရာ)

ဖက်ထားဖူးတာတော့ မဟုတ်ဘူးပေါ့။ ကျွန်တော်ပတ်ဝန်းကျင်မှာပဲ ရှိပါတယ်။ ကျွန်တော်အိမ်ဘေးက အမကြီးရဲ့ သားတစ်ယောက်ဆိုရင် အသက်က ၅ နှစ်ပဲရှိသေးတယ်။ သူ့ပုံတင်တာမဟုတ်ဘူး သူ့မှာ အကောင့်ရှိတယ်။ သူက ပုံလေးတွေတင်တယ်။ အဓိကကတော့ ကလေးသုံးတာမဟုတ်ဘူး။ သူ့အမေက သုံးတာပေါ့လေ။ အဲလိုမျိုးလေးတွေတော့ ရှိတယ်။ ပြီးတော့ နောက်တစ်ခုကကျတော့ ပုံတွေတင်တဲ့အခါကျတော့ တချို့တွေက ကလေးပုံတင်တဲ့အခါမှာ ဘယ်လိုပြောရမလဲ ကလေးကို လုံလုံခြံုခြံုမဟုတ်ပဲ တင်တဲ့ဟာတွေရှိတယ်။ ကျွန်တော် တစ်ခါဖတ်ဖူးတာ တချို့လူတွေမှာ စိတ္တဇတစ်ခုရှိတယ် အဲဒီကလေးလေးတွေကိုမှ ကလေးတွေရဲ့ မမြင်ကွယ်ရာကိုမှ စွဲလမ်းတဲ့ဟာမျိုး အဲလို စိတ္တဇရှိတဲ့သူတွေလည်း ရှိတယ်တဲ့။ အဲခါကျတော့ သူတို့တွေက ဒီပုံတွေတင်လို့ရှိရင် သူတို့တွေက ယူကြတယ် ယူပြီးတော့ ကြည့်တယ် ကြည့်ပြီးတော့ တနည်းတဖုံ လုပ်ကြတာတွေလည်း ရှိတယ်တဲ့။ မသမာသူလက်ထဲ ရောက်သွားတယ်ပေါ့။ ကျွန်တော် ကြားဖူးတာပေါ့။ ဖတ်ဖူးတာပေါ့။ အဲဒါမျိုးကျတော့လည်း မိဘတွေအနေနဲ့ကတော့ တင်တာတော့တင်ပေါ့ သူလည်းပါ ကလေးလည်းပါပေါ့။ ကောင်းကောင်းမွန်မွန်လေးတင်တာကတော့ သိပ်ပြီးတော့ ပြဿနာမရှိဘူးလို့တော့ ထင်တယ်။ အကုန်ချွတ်ပြီးတော့ တွေ့သမျှပုံ လိုက်တင်တာတော့ မကောင်းဘူးပေါ့လေ။ ကျွန်တော်ကတော့ အဲလိုမြင်ပါတယ်။

ဒေါ်မွန်မွန်မြတ် (ဒါရိုက်တာ)

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်

ဟုတ်ကဲ့ပါ။ အဲတော့ ကလေးတွေအတွက် မိဘတွေအတွက် သတိထားသင့်တာလေးတွေ ဆွေးနွေးပြီးတဲ့အခါမှာ နောက်တစ်ခု ဆွေးနွေးချင်တာက ကျွန်မတို့ Social Network ပေါ်မှာ လူတွေပေါင်းစုံက   စျေးအိမ်သာလိုပဲ ရေးချင်တာကို ရေးသွားကြတယ်။ ကလေးပုံတင်လည်း ဒီကလေးကို နောက်တစ်နေရာမှာ စွဲသုံးလို့ရတယ်။ ကိုယ်တင်လိုက်တာကတော့ ကိုယ့်မိတ်ဆွေတွေ တွေ့ရုံလေးပဲ တင်လိုက် တာ။ ဒါပေမယ့် အဲဒီ ကိုယ့်ပုံကို သုံးပြီးတော့မှ နောက်တစ်နေရာမှာ မလျော်မကန်ပြန်သုံးတာတွေလည်း ရှိတယ်ပေါ့။ အဲဒါတွေကို ဘယ်လိုမျိုး ရှောင်ကျဉ်လို့ရမလဲ။ ဒါမှမဟုတ်ရင် အဲဒါတွေကို နည်းလာအောင် ဘယ်လိုလုပ်မလဲပေါ့နော် ကိုယ့်ရဲ့အကောင့်မှာပေါ့ အဲဒါလေးတွေကို ဘယ်လိုလုပ်ရင် ရနိုင်မလဲ။

ဦးနေဘုန်းလတ်

ရန်ကုန်တိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ်

ရှေ့မှာပြောသလိုပဲ သူက ဆိုရှယ်နက်ဝပ်ဆိုတော့ လူပေါင်းစုံပေါ့နော် အဲဒီမှာ ရောယှက်မှုဆိုတာက အရမ်းကို အရေးကြီးတယ်။ ကျွန်တော်တို့ အဲလို ရောယှက်မှုများတဲ့အခါမှာ တစ်ခုခုတင်လိုက်တဲ့ အခါမှာ အဲဒီအပေါ်မှာ တုန့်ပြန်မှုတွေကလည်း မျိုးစုံဖြစ်နိုင်တယ်။ အသာလွတ်ကြီး ဝင်ဆဲနေတာလည်းဖြစ်နိုင်တယ်။ ကိုယ်ပြောတာကို နားမလည်ပဲနဲ့ နားလည်မှု လွဲတာတွေလည်း   ဖြစ်နိုင်တယ်။ ချီးကျူးတာတွေလည်းဖြစ်နိုင်တယ်။ ချီးကျူးရင်လည်း ဘာတင်တင် ချီးကျူးနေတာမျိုး။ ဒါမျိုးတွေလည်း ရှိနိုင်တယ်။ ဆိုလိုတာက အမှန်တိုင်းပြောရင် ဒီကောင်က Speed နဲ့သွားတာ။ အွန်လိုင်းပေါ်မှာ ကလစ်တွေနှိပ်ရတာ အရမ်းလွယ်တယ်။ တစ်ခုခုကို ရိုက်ပြီးတော့ Under ခေါက်ရတာလည်း အရမ်းလွယ်တယ်။ ဆိုတော့ အဲဒီအပေါ်မှာ Feeling သိပ်မထားစေချင်ဘူး။ ကိုယ်ကတော့ လိုက်တွေအများကြီးရတယ်ဆိုပြီးတော့ အရမ်းပျော်နေတာ။ တချို့ဆိုရင် ပုံတင်မမြင်သေးဘူး နှိပ်တာပဲ လိုက်ကို သူတင်တယ်ဆိုပြီးတော့ပေါ့။ ပြောချင်တာက ကျွန်တော်က သိပ်ပြီးတော့ ဒီအပေါ်မှာ အလေးအနက်မထားတဲ့သူ မရှိဘူးမဟုတ်ဘူး ရှိကောင်းရှိနိုင်တယ် ဒါပေမယ့် အများစုကတော့ သိပ်အလေးအနက်မထားပဲနဲ့ နှိပ်ကြတယ်။ အဲလိုပဲ ပြောချင်တယ်။

အဲတော့ အဲဒီအပေါ်မှာ ကိုယ်က အဲဒါတွေကို အရမ်းစွဲလမ်းပြီးတော့ Emotionally အရမ်းကို အဲဒီထဲကို နှစ်လိုက်ပြီဆိုရင် ပြဿနာရှိတယ်။ ကျွန်တော်ဆိုရင်တော့ ရှင်းရှင်းလေးပဲ ကျွန်တော် အဲဒီပေါ်မှာ သိပ်ပြီးတော့ မခံစားဘူး။ နောက်ပြီးတော့ Facebook က ဘယ်လိုသဘောလဲဆိုတော့ ကျွန်တော်ဆို ဖေ့ဘုတ်ပေါ်မှာ ဘယ်တော့မှ တွေးစရာမတင်ဘူး။

ဘာဖြစ်လို့လဲဆိုတော့ ဖေ့ဘုတ်ဖက်တဲ့သူ တော်တော်များများက မတွေးဘူး။ အဲတော့ သူတို့မှာ တွေးဖို့အချိန််မရှိဘူး။ သူတို့က ကြည့်လိုက်တယ် မြင်တယ် ကြိုက်လား မကြိုက်လား အရမ်းမြန်တယ် ခလုတ်တစ်ခုကို နှိပ်ပစ်လိုက်တယ် မကြိုက်ရင်လည်း မကြိုက်သလို ဆဲပစ်လိုက်တယ်။ အဲတော့ သိပ်တွေးရတဲ့ကိစ္စတွေ တင်လို့မရဘူး။

နောက်တစ်ခု အရမ်းစိတ်ညစ်ဖို့ကောင်းတာက ဖေ့ဘုတ်မှာ သရော်စာတင်လို့မရဘူး။ သရော်လို့ သရော်နေမှန်းမသိဘူး။ သရော်တာကို သရော်စာလို့ နားလည်နိုင်လောက်တဲ့ စဉ်းစားမှုမျိုးကို သူက အချိန်မပေးနိုင်ဘူး။ သူက Speed နဲ့ သွားရတာကို။ အဲတော့ အဲလိုကိစ္စမျိုးတွေရှိတယ်။ အဲဒါမျိုးတွေဆိုတော့ ကျွန်တော်ကတော့ ကျွန်တော်ဆိုရင် ကျွန်တော်ကြည့်တယ် ဖတ်တယ် လက်ခံနိုင်လောက်တဲ့အရာတွေဆိုရင် ကျွန်တော် ခံယူတယ် တချို့ တုန့်ပြန်သင့်တဲ့ဟာတွေဆိုရင် ယဉ်ယဉ်ကျေးကျေးနဲ့ ကျွန်တော် တုန့်ပြန်တယ်။ ဒါပေမယ့် တော်တော်များများကတော့ အများစုကတော့ လျစ်လျူရှုပစ်တာများတယ်။ အဲဒီအပေါ်မှာ လူငယ်တွေကို သိပ်ပြီး ဖီလင်မထည့်စေချင်ဘူး။ ရူးသွားလိမ့်မယ်၊ တကယ်ရူးသွားလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မျိုးစုံတွေလာပြောနေတာ။ သူတို့က သိပ်ပြီးတော့ ခံစားပြီး ပြောတာမဟုတ်ဘူး။ အဲဒါကို ကိုယ်က အလေးအနက်တွေထားပြီး ခံစားနေရင်တော့ ကိုယ်ပဲ နှလုံးလည်းထိခိုက်နိုင်တယ်၊ ဦးနှောက်လည်း ထိခိုက်နို်င်တယ်။

ဒေါ်မွန်မွန်မြတ် (ဒါရိုက်တာ)

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်

ဟုတ်တာပေါ့။ ဒီ Reaction တိုင်းကိုသာ ယူနေမယ်ဆိုရင် အချိန်အရလည်း တော်တော်ကြီးကို Wait ဖြစ်မယ်။ ပြီးတော့ ကျွန်မတို့ လိုက်ဝဋ်တရားကျေရုံလေး Like လေးတွေကြည့်ပြီး ပျော်နေရုံနဲ့ ကိုယ်က ဘယ်လိုပြောမလဲ တကယ်တမ်း အောင်မြင်သွားတာလည်း မဟုတ်ဘူးပေါ့နော်။ ထားပါတော့။ ဒါပေမယ့်လည်း တစ်ဖက်မှာလည်း ကျွန်မတို့ စာရေးတဲ့သူတွေအနေနဲ့ပေါ့နော်၊ ကိုယ်ရေးတဲ့စာကို ပြီးအောင်ဖတ်တဲ့သူတွေလည်း ရှိပါတယ်၊ အတိုလေးတွေပဲရေး တွေးစရာမပေးနဲ့ဆိုတာလေး အတိုလေးတော့မရေးဘူး အရှည်ကြီးရေးချင်ရေးမယ် ၃ မျက်နှာလောက် ဒါပေမယ့် အဲဒီဟာကိုမှ ဖတ်တဲ့ ကိုယ့်ရဲ့ပရိသတ် လေးငါးဆယ်ယောက်ပဲဖြစ်ဖြစ် အယောက် ၂၀ လောက်ပဲဖြစ်ဖြစ် ဒါကတော့ ရှိနေသေးတာပေါ့။ ဆိုတော့ အဲဒီဟာနဲ့ ပတ်သက်လို့ရော စာရေးဆရာတစ်ယောက်အနေနဲ့ ကိုစိုပြေကိုပဲ ကျွန်မ ဒါရိုက်မေးလိုက်တော့မယ်။ စာရေးဆရာတစ်ယောက်အနေနဲ့ အဲဒီ Reaction တွေကို ကိုစိုပြေအနေနဲ့ ဘယ်လိုမျိုး ဒီ Reaction ကြောင့် စာတွေပိုရေးဖြစ်တာလားပေါ့နော် ဒီဟာလေးကိုလည်း ကျွန်မ သိချင်ပါတယ်။

ကိုစိုပြေ (စာရေးဆရာ)

ပြောရမယ်ဆိုရင်တော့ အဲဒီဟာတွေကြောင့်ပဲ ပိုပြီးတော့ ရေးဖြစ်တယ်လို့ပဲ ပြောရမှာပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကို အားပေးတဲ့သူရှိတယ်ပေါ့လေ။ အဓိကကတော့ ကိုနေဘုန်းလတ်ပြောသလိုပဲ ဟုတ်ပါတယ်။ ဆိုရှယ်နက်ဝက်ပေါ်မှာ လိုက်ကတော့ ဘာမှမဟုတ်ဘူး။ လိုက်ကတော့ ပေးလို့ရတယ်။ နောက်ပိုင်းကျတော့ ကျွန်တော်တို့ ကြည့်တာကျတော့ comment ရှိမယ်။ Share တာရှိမယ်ပေါ့နော်။ ကိုယ့်စာကို ဖတ်ပြီးတဲ့သူပေါ့။ တော်တော်များများက ဖတ်ပြီးလို့ ကြိုက်တယ်ဆိုရင် Share ကြတယ်။ Like တာကတော့ ဒီလိုပဲ ကြိုက်ကြိုက် မကြိုက်ကြိုက် ဘယ်သူတင်တာလဲ ကြည့်လိုက်မယ် ပြီးရင် Like မယ်။ ကျွန်တော်တို့ဆိုရင်လည်း အဲလိုပဲ စာဆက်ရေးဖြစ်တယ်ဆိုတာကလည်း ဒါတွေကြောင့်လဲ ပါတယ်။ ပြီးတော့ တခြား အားပေးတဲ့ဟာတွေလည်း ပါတာပေါ့နော်။

မတူးတူးသာ (အယ်ဒီတာချုပ်)

သန်လျင်ပို့စ် ဂျာနယ်

ကျွန်မတစ်ခုတော့ ဖြတ်ပြောချင်ပါတယ်။ ဘာလဲဆိုတော့ ခုနကပြောတဲ့ Like တွေဘာတွေ အများကြီးလိုချင်တာနဲ့ ပတ်သက်ပြီးတော့ပေါ့ အခုနောက်ပိုင်းမှာ ခေတ်စားနေတာက Facebook Cele ဆိုတဲ့ဟာပေါ့။ လူငယ်တွေကြားမှာ ပိုပြီးတော့ ခေတ်စားတယ်။ Facebook cele ဆိုတဲ့ဟာကလေ အဲဒါကလည်း လူငယ်တွေအနေနဲ့ သူတို့ဟာ တချို့ဆိုလို့ရှိရင် စိတ်ရောဂါလို့တောင် ပြောလို့ရမလားမသိဘူး။ ဒီဟာကို သူတို့က အရမ်းကို ရူးသွပ်တာပေါ့နော်။ ကိုနေဘုန်းလတ်ပြောသလို အဲဒါကြီးက တကယ်ဆိုရင် ဘာမှ ဖေ့ဘုတ်ပေါ်မှာ တကယ်ဖြစ်လား မဖြစ်လား ကိုယ်လည်း သေးချာသိတာမဟုတ်ဘူးလေ။ အဲဒါကို ရူးသွပ်နေတာ။ ငါကဖြင့် တချို့မိန်းကလေးတွေဆိုရင် ကျွန်မကြားဖူးတာပေ့ါ ခပ်ငယ်ငယ်တွေပေါ့ အဲဒါကိုပဲ အပြန်အလှန် ရန်ဖြစ်ကြ ဘာညာပေါ့ အဲဒါမျိုးထိအောင် ရှိတယ်လို့ ကြားဖူးတယ်။ ဒီဟာတွေကျတော့ ကျွန်မထင်တယ် နည်းနည်းများ အဲဒါကျတော့ စိတ်ရောဂါဆရာဝန်တွေကို မေးကြည့်မှ ပိုသိမယ်ထင်တယ်။ နည်းနည်းလေးများ စိတ်ရောဂါဘက်ကို နွယ်လေးလားတောင် မသိဘူးအဲဒါမျိုးတွေကလည်း တအားရှိတယ်။ လူငယ်တွေက ဒီဟာလေးတွေကို သိပြီးတော့ ဒီဟာလေးတွေကို ဆင်ခြင်နိုင်ရင် အရမ်းကောင်းမယ်။

အပိုင်း( ၁) ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည်။ http://www.mizzimaburmese.com/article/20602

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required