ရောသမမွှေသီချင်းတွေကို ဖန်တီးတဲ့ အဆိုတော် သားစိုးနှင့် တွေ့ဆုံခြင်း

ရောသမမွှေသီချင်းတွေကို ဖန်တီးတဲ့ အဆိုတော် သားစိုးနှင့် တွေ့ဆုံခြင်း
 

Theory အဖွဲ့နဲ့အတူ ပရိသတ်တွေ သိရှိလာပြီးတော့ “ရောသမမွှေ ” တေးစီးရီးတွေကြောင့် အောင်မြင်မှုတွေ ရရှိလာခဲ့တဲ့သူ၊ မြန်မာသံစဉ်တွေကို ပြန်လည်ဆန်းသစ်မှုတွေကြောင့် ပရိသတ်တွေရဲ့   ဝေဖန်မှုတွေကို ခံခဲ့ရတဲ့ ကိုသားစိုး။  အခုချိန်မှာရော ပရိသတ်တွေအတွက် ဘာတွေများ အသစ်တွေ ဖန်တီးပေးနေပါသလဲ။ ကျွန်မကတော့ ယဉ်မွန်ပါ။ အခုဆိုရင် ကိုသားစိုးနဲ့ တွေ့ဆုံဖို့   ရောက်ရှိနေတာ ဖြစ်ပါတယ်။ ယဉ်မွန်ရဲ့ လက်ထဲမှာတော့ YOPE မေးခွန်း ၅ ခုနဲ့အတူ YOPE Red Chair ရှိနေပါတယ်။

မေး -  အစ်ကိုရေ မင်္ဂလာပါရှင့်။ YOPE အစီအစဉ်မှာ တွေ့ရတဲ့အတွက် ၀မ်းသာပါတယ်ရှင့်။ ညီမတို့ ဒီအစီအစဉ်မှာ မေးခွန်း ၅ ခုကို အနုပညာရှင်တွေက ဖြေပေးရတာပေါ့နော်။ အခု ပထမဆုံးမေးခွန်းလေးနဲ့ စလိုက်မယ်နော်။ အစ်ကိုကပေါ့နော် ၊  ဒီမြန်မာသံစဉ်တွေကို ပိုပြီးတော့ ပြန်လည်ဆန်းသစ်ရာမှာပေါ့။ ဒီ ယဉ်ကျေးမှုကို  ဖျက်ဆီးနေတယ်ဆိုပြီးတော့   ဝေဖန်တဲ့သူတွေ ရှိကြတယ်ပေါ့။ အဲဒီအခက်အခဲတွေကို အစ်ကိုဘယ်လို တုံ့ပြန်လဲ။

ဖြေ -  ပထမဆုံးတော့ ဖျက်ဆီးတယ်ဆိုပြီး စထွက်ခဲ့တာ၂၀၀၆ ခုနှစ်ကတည်းကပေါ့။ အခုဆို ၁၀ နှစ်တောင်ရှိနေပြီ။ အစ်ကိုက တကယ်မဟုတ်တာ လုပ်ခဲ့ရင်၊ ဖျက်ဆီးခဲ့ရင် ၊ လူတစ်ယောက်ဟာ ဒီအချိန်ထိ ရပ်တည်လို့ မရပါဘူး။ လူတွေက နားမလည်ကြတာရော၊  ပြီးတော့ မြန်မာတွေရဲ့ ထုံးတမ်းအစဉ်အလာအရ အရမ်းကို ကျဉ်းမြောင်းတဲ့ လူ့အဖွဲ့အစည်းမှာနေခဲ့တော့ အမြင်ကျဉ်းမြောင်းတာပေါ့လေ။ အစ်ကိုတို့ တိုင်းပြည်က ပိတ်ခဲ့တဲ့ တိုင်းပြည်ကိုး။ အခုမှ ပြန်ဖွင့်မယ်ဆိုပြီးတော့ စလုံးရေ စ ဆိုတဲ့အဆင့်မှာပဲ ရှိသေးတော့ အဲဒီ ၂၀၀၆ က အစ်ကိုလုပ်ခဲ့ရတဲ့ အခက်အခဲဆို  အရမ်း ဒုက္ခရောက်တယ်။ စာနယ်ဇင်းတွေကမေး၊ ဒီခေတ်လို ဖေ့ဘွတ်ခ်သာရှိရင် အစ်ကို ဒီအချိန်လောက်ဆို သေနေလောက်ပြီ။ ရေးတာတွေက ပက်ပက်စက်စက်တွေ ဆဲကြမှာ သိတယ်မဟုတ်လား။ အဲဒီခေတ်တုန်းက ဖေ့ဘွတ်ခ်လည်း မရှိဘူး။ မီဒီယာကလည်း ဒီ Printed မီဒီယာပဲရှိတဲ့အခါကြတော့ အစ်ကို တော်တော်လေးသက်သာတယ်။ ဒါတောင်မှ လေလှိုင်းကနေ ဖောက်တဲ့ဟာတွေ ရှိသေးတယ်။ ဖန်တီးပြတာကို အခုကျတော့ နားလည်တော့  အစ်ကို့ကို ဆက်ပြီးတော့ အားပေးပါတယ်။ နိုင်ငံတော်ပွဲတွေအထိ အများကြီးကို ကိုယ့်အလုပ်တွေလည်း ရပါတယ်။ ဒီအချိန်အထိလည်း ဆက်ပြီး ရပ်တည်သွားနိုင်တာပေါ့နော်။ သူတို့ဝေဖန်လေ ကိုယ်က ပိုအဆင်ပြေလေ၊  ပိုကောင်းလေ နာမည်ပိုကြီးလေ ၊ အစ်ကို အလုပ်တွေ ပိုရလေဆိုတော့ ဆက်ဝေဖန်ပါ ။ များများဝေဖန်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်။

မေး - ဟုတ်ကဲ့ပါ ။ ဒါကတော့  နံပါတ် ၂ မေးခွန်းပေါ့နော် ။ အစ်ကို့ရဲ့ကလေးဘဝက သူရဲကောင်းက ဘယ်သူဖြစ်မလဲ ။ ပြီးတော့ အခုလက်ရှိ အစ်ကို့သားလေးရဲ့ သူရဲကောင်းကရော ဘယ်သူလို့ အစ်ကို ထင်လဲရှင့်။

ဖြေ -  အစ်ကိုတို့ ငယ်ငယ်ကတော့  သူရဲကောင်းကတော့   အစ်ကိုက စာဖတ်တော့လေ ဟို ကာတွန်းထဲက ဒီလုံးတို့၊ မောင်စူပါတို့ ၊ အဲဒီလိုမျိုးဟာတွေပေါ့နော် ။  ကြိုက်တာပေါ့။ ပြီးတော့ မြိုင်ရာဇာတွတ်ပီတို့ စသည်ဖြင့်ပေါ့၊ အဲဒါမျိုးတွေ။ အသက်အရွယ်အလိုက်ပေါ့ ။ အစ်ကိုကတော့ ပြောင်းလဲသွားတာပေါ့။ ကာတွန်းခေတ်တုန်းက ကာတွန်းပေါ့ ။ TV တွေ ကြည့်တဲ့အခါကြတော့ Power Ranger တို့ ၊ ဒါတွေပေါ့နော်။ သားသားအနေနဲ့ကတော့ လောလောဆယ် သူကြိုက်တာက လုံးဝ  Star Wars ပဲ။ Star Wars ထဲက Jedi တွေပေါ့နော်။

မေး -  ဟုတ်ပါပြီအစ်ကို ။ ဒါ နံပါတ် ၃ မေးခွန်းပေါ့နော်။ နံပါတ် ၃ မေးခွန်းက အစ်ကိုသာ အသက် ရ၀ အရွယ် လူတစ်ယောက်  ဖြစ်မယ်ဆိုရင် နောင်လာနောင်သားတွေကို ဘာများပြောချင်ပါသလဲရှင့်။

ဖြေ - အသက် ရ၀ အရွယ်တောင် ရောက်ပါ့မလား မသိဘူး။ ဒါပေမယ့် ရောက်ခဲ့သည်ရှိသော်လည်း အစ်ကို ငယ်ငယ်လေးကတည်းက ဖတ်ခဲ့ရတဲ့ စာတစ်ခု အရမ်းကြိုက်တာ။ ဘာလဲဆိုတော့ ဒီအသက်ကြီးသွားတဲ့ ဆံပင်ဖြူသွားတဲ့သူတွေက သူတို့လည်း တစ်ချိန်က ဆံပင်မည်းခဲ့တဲ့လူငယ်တွေဆိုတာ မေ့ပြီးတော့ လူငယ်တွေရဲ့အခွင့်အရေးတွေကို ပိတ်ပင်နေကြတာပေါ့နော်။ မြန်မာပြည်လို တိုင်းပြည်ဆို ပိုဆိုးတာပေါ့။ အသက် ရ၀ အရွယ်သာ ရောက်ခဲ့တယ်ဆိုရင်တော့ အဲဒီအချိန်မှာတက်လာမယ့်လူငယ်တွေပေါ့နော်  ၁၈၊ ၁၉၊ ၂၀ လေးတွေကို အစ်ကို နားလည်မှုရှိအောင် မြင်ပေးပါ့မယ်။ အခု အသက် ရ၀ အရွယ်ရောက်နေတဲ့သူတွေကလည်း လူငယ်တွေရဲ့ ခံစားချက်လူငယ်တွေရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မြင်ပေးပါလို့ပဲ အစ်ကိုက တောင်းဆိုချင်ပါတယ်။

မေး - ဟုတ် နံပါတ် ၄ ပါအစ်ကို။ နံပါတ် ၄ မေးခွန်းကတော့ Theory အဖွဲ့ကရော အခြေအနေ ဘယ်လိုရှိလဲပေါ့နော် ။Theory အနေနဲ့ရော လှုပ်ရှားမှုတွေကဘာတွေဆက်ရှိသွားမလဲ။

ဖြေ - Theory အနေနဲ့ကတော့ အစ်ကိုတို့ကတော့  ကြာပါပြီ မလုပ်ဖြစ်တာ။ ဘာဘူနဲ့ကတော့ ဒီအတိုင်းပဲ တွေ့ဖြစ်တယ်။ သူကလည်း ကလေးနဲ့ ။ အစ်ကိုတို့ Life တွေက တဆစ်ပြောင်းသွားပြီပေါ့နော်။ ဒီအချိန်မှာတော့ မင်းသီချင်းနားထောင်ပြီးပြီလား မဟုတ်တော့ဘူး။ ဟေ့ကောင် မင်းဒီနေ့ ဘယ်လောက်ရလဲ ဘာလုပ်နေတယ်  ။ ဒါပဲသိတယ်မဟုတ်လား။ အဲဒီလိုမျိုး ဖြစ်သွားတဲ့အခါကြတော့ Theory အနေနဲ့ကတော့ တော်တော်လေး ရပ်သွားတာပေါ့နော်။ အစ်ကို့မှာ သီချင်းတွေရှိတယ် ။ ဘာဘူက အချိန်မပေးနိုင်ဘူးဖြစ်နေတယ်။ Theory အနေနဲ့ကတော့ လောလောဆယ် မလုပ်နိုင်သေးပါဘူး။

မေး - ဟုတ်ပါပြီ အစ်ကို ၊ နံပါတ် ၅ မေးခွန်းပေါ့နော်။ နောက်ဆုံးမေးခွန်းပါပဲ ။  အစ်ကိုသာ မြန်မာ့ရိုးရာ တူရိယာတစ်ခု ဖြစ်ခွင့်ရမယ်ဆိုရင် ဘယ်တူရိယာကို ဖြစ်ချင်ပါသလဲ ။ ဘာကြောင့် ဖြစ်ချင်ပါသလဲရှင့်။

ဖြေ - မြန်မာ့ရိုးရာတူရိယာဆိုရင် အစ်ကိုက နှဲပဲ ဖြစ်ချင်တယ်။ ကိုယ့်ဘာသာတစ်ချိန်လုံး ပွီးပွီးနဲ့ မှုတ်နေမှာ  သိတယ်မလား အေးဆေးပဲ။

မေး -  ဟုတ်ပါပြီအစ်ကို ။ အခုလို YOPE မှာ မေးခွန်း ၅ ခုကို အချိန်ပေးပြီး ဖြေပေးတဲ့အတွက် အစ်ကို့ကို ကျေးဇူးအများကြီးတင်ပါတယ်။

Young People ဟု အဓိပ္ပါယ်ရသည့် YOPE လူငယ် ရုပ်သံအစီအစဉ်ကို ဆန်းသစ်သောအမြင်၊ ဆန်းသစ်သော ရိုက်ကူးချက်များဖြင့် မဇ္ဈိမမီဒီယာက တင်ဆက်ပေးခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required