အလိုမတူ ပေါင်းသင်းခံရ ပြင်းထန်စွာ ညှဉ်းပန်းနှ်ိပ်စက်ခံရပြီးသည့်တိုင် ဘဝမလုံခြံုနိုင်ရှာတဲ့ အမျိုးသမီး

23 November 2016
အလိုမတူ ပေါင်းသင်းခံရ ပြင်းထန်စွာ ညှဉ်းပန်းနှ်ိပ်စက်ခံရပြီးသည့်တိုင် ဘဝမလုံခြံုနိုင်ရှာတဲ့ အမျိုးသမီး

အမျိုးသမီးငယ်တစ်ဦးကို တစ်လကြာ ခိုးယူပေါင်းသငး်ပြီး ပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက်တဲ့သူအပေါ် အမြင့်ဆုံး ပြစ်ဒဏ် ရ နှစ်အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုလို ပြစ်မှုမျိုး ကျူးလွန်ခဲ့တဲ့ အမျိုးသားကို ထောင်ဒဏ် ၂ နှစ်သာ ချမှတ်လိုက်ပါတယ်။ ဒီအတွက် သတင်းစာ ရှင်းလင်းပွဲတစ်ခုကို ရန်ကုန်မြို့မှာ ပြုလုပ်လိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁ နှစ်က အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အလိုမတူ ခိုးယူပေါင်းသင်းပြီး ပြငး်ထန်စွာ ညှဉ်းပန်းနှိပ်စက်တဲ့ အမျိုးသားကို အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့် အမှုစစ်ပြီး ၁ နှစ်အကြာမှာ ညှဉ်းပန်းနှိပ်စက်တဲ့ အမျိုးသားကို မြောက်ဥက္ကလာပ တရားရုံးက ပြစ်ဒဏ် ၂ နှစ်သာ ချမှတ်လိုက်ပါတယ်။ ဒီလို ပြစ်ဒဏ်ချမှတ်လိုက်မှုအပေါ် မကျေနပ်တဲ့အတွက် သတင်းစာရှင်းလင်းပွဲတစ်ခုကို စက်တင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ ယုဇနဟော်တယ်မှာ ပြုလုပ်လိုက်ပါတယ်။

အခုလို ၁ လတာ ခိုးယူပေါင်းသင်းပြီး ညှဉ်းပန်းနှိပ်စက်တဲ့အပေါ် အမြင့်ဆုံးပြစ်ဒဏ် ရ နှစ်အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ပြစ်ဒဏ်တိုးပြီး ချပေးဖို့အတွက် ဆက်လက်   ဆောင်ရွက်သွားမယ်လို့ အမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်လှလှရီက အခုလို ပြောပါတယ်။

"ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၅ ကတော့ ထောင်ဒဏ် ရ နှစ်အပြင် ငွေဒဏ်လည်း ချလို့ရတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၃ ကတော့ ထောင်ဒဏ် ၁ နှစ်ဖြစ်စေ၊ ငွေဒဏ် ၁ သိန်းအပြင်   ပြစ်ဒဏ်နှစ်ခုလုံး ချမှတ်လို့ရပါတယ်။ အဲဒါအပြင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မှ ၃၆၅ မှာ တရားသူကြီးက ထောင်ဒဏ် ၂ နှစ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၃ မှာ ထောင်ဒဏ် ၆ လမှာ တပေါင်းတည်း ဆိုတော့ ထောင်ဒဏ် ၂ နှစ်ပဲ ဖြစ်သွားတာပေါ့။ အဲတော့ ကျွန်မတို့အနေနဲ့ ဒီအမျိုးးသမီးရဲ့ ခံရတဲ့အနေအထားရ ပြစ်ဒဏ်ကို ကျွန်မတို့က ဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်း ထိရောက်စွာ ရ နှစ်အထိ ကျွန်မတို့ ပြဌာန်းနိုင်အောင် အမှုသည်ဘက်ကလည်း ထိရောက် ဟန့်တား ချမှတ်တာကို ကျွန်မတို့ကလည်း လိုချင်ပါတယ်။ အဲဒါကြောင့် ကျွန်မတို့က အပေါ်ရုံးကို ပြစ်ဒဏ်တိုးဖို့အတွက်   ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။"

အလိုမတူ ခိုးယူပေါင်းသင်းခံရတဲ့အပြင် ပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ အမျိုးသမီးရဲ့ နောက်ဆုံးအခြေအနေကိုလည်း အခရာအဖွဲ့က ဒေါ်နန်းထွေးက အခုလိုပြောပြပါတယ်။

ဒေါ်နန်းထွေး (အခရာအဖွဲ့)

“၇ နှစ်လောက်ကျရင်တောင် သူ့ဘက်က စိုးရိမ်နေတယ်။ တစ်ရပ်ကွက်တည်း ဖြစ်နေလို့ သူ့ရဲ့လုံခြံုရေးကို ဘယ်သူက တာဝန်ယူမှာလဲဆိုတာကို သူ အရမ်း စိုးရိမ်နေတယ်။ အခုလိုမျိုး ခဏတာလေးပဲ ဝင်ပြီးတော့ ပြန်ထွက်လာရင် ပိုပြီးတော့ စိုးရိမ်နေတယ်ဆိုတာကို သူပြောပါတယ်။ အခု သူ့ဘဝရပ်တည်ရေးအတွက် သူ အပြင်မှာ အလုပ်လုပ်နေပါတယ်ရှင်။”

ဒီသတင်းစာရှင်းလင်းပွဲကို အမျိုးသမီးအဖွဲ့များ ကွန်ယက်က ဦးဆောင်ပြုလုပ်သွားတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ အမှုနဲ့ပတ်သက်ပြီး ဆက်လက် တရားစွဲဆိုဖို့ကို ဆောင်ရွက်နေပြီး အမျိုးသမီးငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ အခြားလိုအပ်တာတွေကိုတော့ အခရာအမျိုးသမီးအဖွဲ့က ကူညီပေးနေတယ်လို့ သိရပါတယ်ရှင်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required