ဗိုလ်မှူးကြီးဗထူး ထာဝရ လဲလျောင်းနေသည့် တဲ့လုရွာ ..... သူရဲကောင်းတစ်ဦးအား ဦးညွှတ်ခြင်း ခရီးရှည် (ဒုတိယပိုင်း)

19 November 2016
ဗိုလ်မှူးကြီးဗထူး ထာဝရ လဲလျောင်းနေသည့် တဲ့လုရွာ ..... သူရဲကောင်းတစ်ဦးအား ဦးညွှတ်ခြင်း ခရီးရှည် (ဒုတိယပိုင်း)

အိမ့်မျက်တို့ ဒီနေ့မနက် ဗိုလ်မှူးကြီးဗထူး ကျဆုံးခဲ့တဲ့ တဲ့လုရွာလေးကို သွားကြမှာပါ။ အဲဒီရွာလေးက ဒီရွာငံကနေဆိုရင် ၁၃ မိုင်လောက် ဝေးတယ်တဲ့။ အိမ့်မျက်တို့ ဗိုလ်မှူးဗထူး နှစ် ၁၀၀ ပြည့်   ဖြစ်မြောက်ရေး ကော်မတီက အိမ့်မျက်တို့ကို လာပြီးတော့ ကြိုမှာပါ။ သူတို့ပြောတဲ့ ပုံစံအရ လမ်းက အရမ်းကြမ်းတယ်တဲ့။ ၁၀ မိုင်လောက်ထိတော့ ကောင်းကောင်းသွားလို့ရပေမယ့် နောက်ထပ် ၃ မိုင်လောက်ဆိုရင်တော့ ကားတွေက အခန့်မသင့်ရင် လျောကျနိုင်ပါတယ်တဲ့။ လမ်းတွေကလည်း အရမ်းမတ်စောက်တယ်တဲ့။ အကယ်၍များ အဲဒီ လမ်း ၃ မိုင်မှာ ကားစီးလို့ ဆက်ပြီးတော့ အဆင်မပြေဘူး ဆိုရင် အိမ့်မျက်တို့ ဗွက်တောထဲမှာ ဆင်းပြီးတော့ လမ်းဆင်းလျှောက်ရမှာလို့ ပြောပါတယ်။ ခဏနေရင် သူတို့အဖွဲ့တွေ လာကြိုရင် အိမ့်မျက်တို့ သွားရမယ်။ အဲဒီတော့ ဒီခရီးက ဘယ်လိုအနေအထားရှိမယ် မသိဘူး လမ်းမှာလည်း ဘာတွေတွေ့ကြံုရမလဲ မသိသေးဘူး။ အဲတော့ အိမ့်မျက်တို့ မနက်စာကို ဝအောင် စားထားရပါတယ်။

အိမ့်မျက်တို့ အခု တဲ့လုရွာလေးကို သွားနေပါပြီ။ အိမ့်မျက်တို့ မန္တလေးကနေ ငှားလာတဲ့ ကားက လမ်းခရီးမှာ ဘယ်လိုမှ အဆင်မပြေဘူးတဲ့။ ဒါကြောင့်မို့ ဒီ ရာပြည့်ဖြစ်မြောက်ရေးကော်မတီက ကားကို စီစဉ်ပေးတယ်။ ဒီမှာရှိတဲ့ တောင်တက်ကားတွေက ကားဘီးလေးဘီးလုံးက ယက်အားရှိတယ် အဲဒါကြောင့် အရမ်းချောတဲ့နေရာတွေ အရမ်းကြမ်းတဲ့နေရာတွေကျတော့ ဒီလေးဘီးကားလေးတွေက အရမ်းကို အဆင်ပြေတယ်တဲ့။ လေကလည်း တအေးအေးနဲ့ ဘေးဖက်မှာလည်း တောင်တန်းကြီးတွေကို မြင်ရတယ်။

ဒီ တဲ့လုရွာလေးက ညီမတို့ကြားရသလောက်တော့ အရမ်း ကုန်းမြေမမြင့်ဘူးလို့ ပြောကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွာငံကကျတော့ ပေ ၄၀၀၀ လောက် ပင်လယ်ရေမျက်နှာပြင်လောက် မြင့်တယ်။ သူကျတော့ရော ဘယ်လောက်လောက် မြင့်လဲ။

ဦးစိန်လှိုင်တင့်(ဒုဦးစီးမှူး၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး။)

သူကတော့ ပေ ၅၀၀ လောက်ပဲ မြင့်ပါတယ်။ သူကတော့ မြေပြန့်ဆန်တယ်။ ကျွန်တော်တို့မြို့နယ်မှာဆိုရင် တဲ့လုကျေးရွာနဲ့ ပြီးလို့ရှိရင် အောက်ဘက်မှာရှိတဲ့ မင်းပလွန်ကျေးရွာရယ် ရမည်းကျေးရွာတို့ဆိုတာက သူတို့က မြေပြန့်ဘက်နဲ့ နီးစပ်တယ်။ ဟိုဘက်ဆိုရင်လည်း ကျွန်တော်တို့ သာစည်ဘက်ကျတော့လည်း အရမ်းကို ပူသွားပြီ။ တဲ့လုရွာ ရာသီဥတုကတော့ သူက သိပ်မပူဘူး။ ရာသီဥတုကတော့ တောင်ပေါ်နဲ့ မြေပြန့်ကြားထဲမှာပေါ့နော။် နေလို့ထိုင်လို့တော့ ကောင်းတယ်။ ရွာငံလောက်တော့ မအေးဘူး။

ဒီရွာလေးကို တဲ့လုလို့လည်းခေါ်တယ်၊ တပ်လုလို့လည်း ခေါ်ကြတယ်။ နာမည်လေးက နဲနဲမူကွဲရှိတယ်။ ဒီနာမည်လေးက အတည်လား။

ဟုတ်ကဲ့ပါ။ တဲ့လုဆိုတဲ့နာမည်လေးက အမှန်ပါ။ ကျွန်တော်တို့ ပြည်ထဲရေးမှာလည်း တဲ့လုရွာက နာမည်မှန်ပါ။

ဖတ်မှတ်ခဲ့ဘူးတဲ့ သမိုင်းမှတ်တမ်းတွေမှာတော့ ဗိုလ်မှူးကြီးဗထူးအကြောင်းတွေမှာတော့ သူက တာဝန်တွေကို အကျေပွန်ဆုံး ထမ်းရွက်ခဲ့သူ။ တိုင်းပြည်လွတ်လပ်ရေးအတွက် မိဘကို စွန့်ခဲ့သူ။ သားမယားကို စွန့်ခဲ့သူ။ အကျိူးစီးပွားကို စွန့်ခဲ့သူ၊ ဘဝကို စွန့်ခဲ့သူ၊ အသက်ကိုစွန့်ခဲ့သူလို့ မှတ်တမ်းတင်ထားခဲ့ကြပါတယ်။ သူဟာ ဗမာ့တပ်မတော်ထဲကို ဝင်လာကတည်းကစလို့ အိမ်ကိုတောင် တစ်ခေါက်မှ မပြန်ခဲ့သူလည်း ဖြစ်ပါတယ်။ ပြီးတော့ သူဟာ ခေါင်းဆောင်တစ်ဦးအနေနဲ့ ဘာစည်းစိမ်ကိုမှ မခံစားပဲ သေသည်အထိ ရဲဘော်တွေနဲ့အတူတူ ဆင်းရဲခြင်းအမျိုးမျိုးကို ရင်ဆိုင်သွားခဲ့ပါတယ်။

အိမ့်မျက်တို့ အခုလာခဲ့တဲ့ လမ်းပိုင်းတစ်လျှောက် ကတ္တရာလမ်းတွေ ကုန်သွားတာနဲ့ လမ်းက တော်တော်လေးကို ကြမ်းကြမ်းတမ်းတမ်းပါ။ ကားထဲမှာလည်း ခလောက်ဆန်အောင် စီးခဲ့ရတယ်။ ဒါပေမယ့် အခု အိမ့်မျက်တို့ ဖြတ်သွားတဲ့နေရာမှာဆိုရင် ဟိုဘက်အောက်တွေထိ အကုန်လုံးကို မြင်ရတယ်။ ရှုခင်းတွေကလည်း အရမ်းလှတယ်။ တိမ်တွေပေါ်မှာ ရောက်နေသလိုပါပဲ။ ကုန်းမြေမြင့်တွေ အဆင့်ဆင့် နိမ့်ဆင်းသွားပြိးတော့ ဟိုဘက်မှာ မြေပြန်လို လျှိုလိုဖြစ်သွားတယ်။ ဒီမြင်ကွင်းတွေက တကယ်ကို လှပပါတယ်။

တကယ်တော့ တဲ့လုရွာနဲ့ ရွာငံမြို့က ၁၃ မိုင်လောက်ပဲ ဝေးပါတယ်။ တဲ့လုဟာ ဓနုရွာတစ်ရွာဆိုပေမယ့် မြေပြန့်ဒေသနဲ့ ပိုနီးသွားလို့ တောင်အဆင်းလမ်း တော်တော်များတာကိုလည်း သတိထားမိတယ်။ ဒီလမ်းက အခုချိန်မှာတော့ မြေသားလမး် ဖြစ်နေတုန်းပါ။ ဖောက်ထားတာလည်း မကြာသေးပါဘူး။ အခုလည်းပဲ ကျွန်မတို့စီးလာတဲ့ တောင်တက်ကားဟာ ရွံ့စေးတွေကြားထဲမှာ လူးနေပါတယ်။ ရွှံ့စေးတွေက ကုန်းတက်မှာလည်း ရှိနေသလို ကုန်းဆင်းမှာလည်း ရှိနေပါတယ်။ နေပူရင်တော့ ဒီရွှံ့တွေက မာလို့ သာမာန်ကားနဲ့တောင် သွားနိုင်တယ်လို့ ဆိုပါတယ်။ အခုတော့ မိုးက ဆက်တိုက်ရွာထားလို့ တောင်တက်ကားတောင်မှ တော်တော်ကို ရုန်းပြီးတော့ သွားနေရတဲ့ အနေအထားပါ။

ပြောရမယ်ဆိုရင်တော့ အိမ့်မျက်တို့အဖွဲ့သားတွေ လမး်လျှောက်သွားဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် အခု ဒီ မြေကော်တဲ့စက်ကြီးကလည်း ဟိုဘက်မှာ လမ်းညှိဖို့ သွားရမှာတဲ့။ အဲတော့ အိမ့်မျက်တို့ အဆန်းလေးဖြစ်သွားအောင် အဲဒီ မြေကော်တဲ့ ခွက်ကြီးထဲကနေ လိုက်သွားမလို့ပါ။ လိုက်ကြည့်ကြပါဥိးနော်။

ကျွန််မအတွက်တော့ ဒါဟာ ပထမဆုံး အတွေ့အကြံုတစ်ခုပဲ။ တဲ့လုရွာမှာ နေကြတဲ့သူတွေကတော့ ဒီလမ်းကြောင်းကို နှစ်ပေါင်းများစွာ ဖြတ်သန်းပြီး ရွာငံမြို့နဲ့ ဆက်သွယ်ခဲ့ကြတာပါ။ တစ်ဖက်ကို မော့ကြည့်လိုက်မယ်ဆိုရင် တောင်ကုန်းကြီးတွေနဲ့ တစ်ဘက်ကို ငုံ့ကြည့်လိုက်မယ်ဆိုရင်တော့ သစ်ပင်တွေဖုံးနေတဲ့ ဂျောက်ကြီးတွေကို တွေ့ရပါတယ်။ ကုန်းဆင်းတဲ့အချိန်ဆိုရင်လည်း မြေတွေများ ပဲ့ကြသွားမလားလို့ တကယ်ကို ရင်တထိတ်ထိတ်နဲ့ပါ။

တဲ့လုရွာကို ဟိုအောက်ဘက်မှာ လှမ်းမြင်ရပေမယ့် ခရီးကြမ်းတွေ ဖြတ်သန်းဖို့ ရှိနေပါသေးတယ်။ အိမ့်မျက်တို့ အခု လမ်းကော်တဲ့ကားကြီးကိုလည်း စီးပြီးသွားပြီ။ ဟိုရှေ့မှာလည်း လုပ်ငန်းခွင်တစ်ခု ရှိနေတဲ့အတွက်ကြောင့်မို့ ဒီကားကြီးဆင်းဖို့လည်း အဆင်မပြေဘူး။ ပြီးတော့ ကျောက်ခင်းလမး်လည်း ရောက်နေပြီဖြစ်တဲ့အတွက်ကြောင့် အိမ့်မျက်တို့ ဒီကျောက်ခင်းလမ်းအတိုင်း ဆက်ဆင်းသွားမယ်။

တဲ့လုရွာလေးကိုတော့ ဟိုအောက်မှာ လှမ်းမြင်နေရပြီ။ သူက အောက်ထဲမှာ လုံးဝ မြေပြန့်လေး လယ်ကွင်းလေးတွေကိုလည်း အိမ့်မျက် စောစောက ကားပေါ်ကနေ လှမ်းမြင်လိုက်တယ်။ အဲဒီအထိ အိမ့်မျက်တို့ ဒီလမ်းအတိုင်း ဆင်းသွားကြမှာပါ။ လမ်းကတော့ မြင်ရတဲ့အတိုင်းပဲ ကျောက်ခဲတွေကို ထုခြေပြီးတော့ လမ်းခင်းထားတယ်။ ပြီးတော့မှ အဲဒီအပေါ်မှာ သဲပြန်ပြီးတော့ ခင်းမယ်လို့ ပြောပါတယ်။ ဒါမှသာ ဒီ ရာပြည့်ပွဲကိုလာတဲ့ ကားတွေနဲ့ ဧည့်သည်တွေ အဆင်ပြေမှာပါ။

ပထမပိုင်းကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည် - http://www.mizzimaburmese.com/article/19927

ဆက်လက်ဖော်ပြပါမည်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required