ချောင်းသာ ကမ်းခြေမှာ စျေးဆက်ရောင်းရင် အရေးယူမယ်

ချောင်းသာ ကမ်းခြေမှာ စျေးဆက်ရောင်းရင် အရေးယူမယ်
ဓာတ်ပုံ-စည်သူမောင်မောင်

ချောင်းသာကမ်းခြေတွင် စျေးရောင်းချနေခြင်းသည် ခွင့်ပြုမရသည့် နေရာဖြစ်ခြင်းကြောင့် တားမြစ်ထားခြင်းဖြစ်ကာ ဆက်လက် ရောင်းချပါက အရေးယူမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က မဇ္ဈိမကို ပြောသည်။

"အားကာဦးစီးဌာနက ကန့်ကွက်ချက်အရကော လုံခြံုရေးအရကော ဧရာဝတီတိုင်း ဒေသကြီးအစိုးရက ဒီနေရာမှာ စျေးဆိုင်များ ကျုးကျော် တည်ခင်းရောင်းချခြင်းကို တားမြစ်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဒီနေရာဟာ ကမ်းခြေဇုန်အဖြစ် သတ်မှတ်တဲ့နေရာမဟုတ်ပေမယ် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ နေရာပါ။ ဒီနေရာ တိုင်းအစိုးရ ခွင့်မပြုထားပဲ ရောင်းချနေတာ အရေးယူဆောင်ရွက်လို့ရပါတယ်၊ လုံခြံုရေး နည်းလမ်းတွေနဲ့ အရေးယူ ဆောင်ရွက်သွားမှာပါ”ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။

စျေးရောင်းချခွင့်တားမြစ်ခံရသည့် စျေးသည်များသည် နိုဝင်ဘာလ၁၆ရက်နေ့တွင် ချောင်းသာကမ်းခြေ ကျောက်တလုံး ဘုရားအနားတွင် စျေးဆိုင်များ တည်ခင်းရောင်းချခဲ့ပြီး ထိုနေရာမှာ အားကစားနှင့် ကာယပညာဦးစီးဌာန သဲသောင်းပြင် ဘောလုံးမြေနေရာဖြစ်နေပြီး၊ ဌာနမှ တားမြစ်ပေးရန် တိုင်းအစိုးရအား တင်ပြခဲ့သည်။

“ကမ်းခြေစျေးသည်တွေက ကျောက်တလုံးဘုရားအနားမှာ စျေးရောင်းချခွင့်ပြုဖို့ စာကို ၁၅ရက်နေ့က လာတင်ပြီး ညပိုင်း စျေးသည်တွေ ဆိုင်ခန်းဆောက်ဖို့ အစုလိုက်ရောက်လာတယ်လို့ မြို့အုပ်ချုပ်ရေးက သတင်းပို့တယ်၊ တိုင်းအစိုးရက ခွင့်မပြုထားဘူး၊ ခွင့်မပြုပဲလုပ်တာ ကျုးကျော်လို့မှတ်ပြီးထားပါ တိုင်းအစိုးရ ဆက်လက်ညွန်ကြားမယ်လို့ အကြောင်းပြန်ထားတယ်။ မနေ့က တိုင်းအစိုးရအစည်းအဝေးဆုံးဖြတ်ချက် ကမ်းခြေမှာ စျေးရောင်းချဖို့ခွင့်မပြုဘူး ဆုံးဖြတ်ခဲ့တယ်” ဟု ဝန်ကြီးကပြောသည်။

"သူတို့ဘက်က ဆင်ခြေပေးနိုင်ပါတယ် ဒေသန္တ အမိန့်မရောက်တဲ့ နေရာဆိုပြီး ဟိုတယ်ဇုန် နေရာမဟုတ်လည်း အစိုးရစီမံခန့်ခွဲခွင့်ရှိတယ်၊ ဆက်လက်ရောင်းရင် လုံခြံုရေးနည်းအရ အရေးယူသွားမယ်”ဟုစည်ပင်သာယာရေးဝန်ကြီးကပြောသည်။

ချောင်းသာကမ်းခြေတွင် စျေးဆိုင်ခန်းပေါင်း ၈၇ခန်းအား နိုဝင်ဘာလ ပထမပတ်တွင် ချောင်းသာကမ်းခြေ သန့်ရှင်းသာယာလှပရေးနှင့် စည်းကမ်းတကျရေးရှိအတွက် ရှင်းလင်းဖယ်ရှားခဲ့သည်။

မြို့နယ်အုပ်ချုပ်ရေးမှ ထုတ်ပြန်ချက်တွင်  "မည်သူမျှ ကမ်းခြေနှင့် ကမ်းခြေဆင်းလမ်းများပေါ်တွင် စျေးရောင်းချခြင်း၊ ယာဉ်များဖြင့် ညအိပ်ရပ်နားခြင်း၊ တဲထိုး၍ညအိပ်ခြင်း၊ ရေချိုးခန်းဖွင့်လှစ်ခြင်း လုံးဝမပြုရ၊ မည်သူမျှအများပြည်သူ အပန်းဖြေရန်သတ်မှတ်ထားသည့် ကမ်းခြေဧရိယာအတွင်း မြို့စည်ပင်သာယာရေး ကော်မတီမှ လိုင်စင်ချမှတ်ထားပေးသော အုန်းရေသောက်လုပ်ငန်း၊   ရေကူးဘောကွင်းလုပ်ငန်း၊ စက်ဘီးဌားရမ်းလုပ်ငန်းများမှ အပ စျေးဆိုင်တည်းခင်းရောင်းချခြင်းမပြုရ” စသည့်အချက်များ ထည့်သွင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required