ကုန်ကျစရိတ်နည်းလှတဲ့ သစ္စာပန်းကို စိုက်ပြီး ကြီးပွားကြစေချင်

17 November 2016
ကုန်ကျစရိတ်နည်းလှတဲ့ သစ္စာပန်းကို စိုက်ပြီး ကြီးပွားကြစေချင်

ရှိုးပန်းလို့ခေါ်တဲ့ သစ္စာပန်းကို ဘုရားလှူတဲ့ ပန်းအနေနဲ့သာမကပါဘူး အလှူမင်္ဂလာဆောင်တွေမှာ အလှပန်းတွေအဖြစ်လည်း အသုံးပြုကြပါသေးတယ်။ ရှိုးပန်းလို့ခေါ်တဲ့အပြင် သစ္စာပန်းလို့လည်း ခေါ်တော့ အယူအဆ အတိတ်နိမိတ်တွေပါ ကိန်းအောင်းနေတဲ့ပန်းအဖြစ် လူတိုင်းရဲ့နှစ်သက်မြတ်နိုးမှုကို ပိုင်ဆိုင်ထားပြန်ပါသေးတယ်။

သစ္စာပန်းကို အေးတဲ့တောင်ပေါ်ဒေသတွေမှာ ရာသိီမရွေးစိုက်ပျိုးလို့ ရပေမယ့် မြေပြန့်ဒေသတွေမှာတော့ ဆောင်းရာသီကျမှ စိုက်လေ့ရှိကြပါတယ်။ သစ္စာပန်းမှာ ပန်းအရောင်အမျိုးမျိုး ရှိပါတယ်။ ရန်ကုန်စျေးကွက်အတွင်းမှာတော့ သစ္စာပန်းအရောင် ခြောက်မျိုးလောက်ရှိနေတယ်လို့ သိရပါတယ်။ အုတ်ကျိုးရောင်၊ ပန်းရောင်တို့လို လူကြိုက်များတဲ့ ပန်းတွေကတော့ သစ္စာပန်းစျေးကွက်မှာ ဦးဆောင်ထားပါတယ်။

နုံးမြေနဲ့ မြေဆွေးပါ၀င်မှုများတဲ့ မြေတွေဟာ သစ္စာပန်းစိုက်ပျိုးဖို့အတွက် သင့်တော်ပါတယ်။ သစ္စာပန်းဟာ ရေကြိုက်တဲ့အပင် ဖြစ်ပေမယ့်လည်း ရေဝပ်လို့မရပါဘူး။ သစ္စာပန်းကို အစေ့ကနေ စိုက်ပျိုးလို့ရသလို ဥကနေလည်း စိုက်ပျိုးလို့ ရနိုင်ပါတယ်။ အစေ့ကနေ စိုက်ပျိုးတာဟာ အပင်ဖြစ်တည်မှုအဆင့်ဆင့်ကို ဖြတ်ကျော်ရတဲ့အတွက် အပွင့်ပွင့်ချိန် ကြာပါတယ်။ ပျမ်းမျှအားဖြင့် အချိန် ၂ နှစ် ၃ နှစ်လောက် စောင့်ရပါတယ်။ သစ္စာပန်း ဥကနေစိုက်ပျိုးတာကတော့ နှစ်ချင်း အပွင့်ပွင့်နိုင်ပါတယ်။ သစ္စာပန်းမျိုးခင်းတွေကို သီးသန့်ထားလေ့ရှိပါတယ်။ မျိုးခင်းထားဖို့ ရည်ရွယ်တယ်ဆိုရင်တော့ ပန်းခုတ်ရာမှာ အောက်ခြေအရွက် ၄ ရွက်လောက်အထိ ချန်ပြီးခုတ်ရပါတယ်။ ဒါမှသာ အပင်ဟာ အစာချက်တဲ့လုပ်ငန်းကို လုပ်နိုင်မှာပါ။

ပန်းခုတ်ပြီးတော့ ၂ အကြာမှာတော့ အရွက်တွေ ညှိုးခြောက်လို့လာပါပြီ။ ဒီအချိန်ဆိုရင်တော့ မြေကြီးထဲက ဥအဟောင်းကနေ ရ ဥလောက်အထိ ရှိလာပါတယ်။ ဒါ့အပြင် အမြစ်အဖျားတွေမှာလည်း ဥအသိမ် ဥအမွှားလေးတွေ ရာကျော်အထိ ရှိလာတာ တွေ့ရပါတယ်။ ဥသိမ်အသေးလေးတွေကလည်း မ်ျိိုးဥတွေဖြစ်နေသလို ဥအသစ်တွေကလည်း မျိုးဥတွေဖြစ်ပါတယ်။ မျိုးဥအသိမ်အသေးလေးတွေနဲ့ မျိုးဥအသစ်တွေဟာ ပန်းစိုက်လို့ရတာချင်းတူပေမယ့် ပန်းထွက်ချိန် ကွာခြားချက် ရှိနေပါတယ်။ ဥအသစ်တွေဟာ ဥကြီးပြီးတော့ဖွံ့ဖြိုးတဲ့အတွက် နှစ်ချင်းပန်း်ပွင့်နိုင်ပါတယ်။ ဥအသိမ်လေးတွေကိုတော့ ဖွ့ံဖြိုးဖို့အတွက် အချိန်ပေးပြီး ပျိုးယူရဦးမှာပါ။

ပြင်ဦးလွင်ဘက်မှာတော့ သစ္စာပန်းကို ဆောင်းပန်းနဲ့ မိုးပန်းဆိုပြီးတော့ စိုက်လေ့ရှိကြပါတယ်။ နှစ်စဉ် ဆောင်းရာသီရဲ့အစတွေဖြစ်တဲ့ စက်တင်ဘာလလောက်မှာ သစ္စာပန်းတွေကို စတင်စိုက်ပျိုးကြပါတယ်။ ဥတွေကို မြေဖုံးရုံ မြေမြုပ်ရုံသာချပြီး စိုက်ပျိုးရမှာပါ။ ဥကို မြေကြီးထဲချထားတဲ့အခါမှာလည်း ဥတွေစောင်းမသွားအောင် ဂရိုစိုက်ဖို့လိုပါတယ်။

သစ္စာပန်းရဲ့ ဥတစ်ဥမှာ များသောအားဖြင့် ပန်းခိုင်တစ်ခိုင်သာ ထွက်လေ့ရှိပါတယ်။ သစ္စာပန်းကို မိုးတွင်းမှာစိုက်မယ်ဆိုရင်တော့ ရေမဝပ်စေဖို့ မြောင်းပေါင်ဆွဲပေးဖို့လိုပါတယ်။ ဆောင်းတွင်းမှာစိုက်ရင်တော့ မြေအစိုဓါတ်အပေါ်မူတည်ပြိီး ၃ ရက်ကိုတစ်ခါလောက် ရေပေးသွင်းရမှာပါ။ စိုက်ပျိုးပြီးတစ်လလောက်မှာ အပင်ထွက်စုံလာပြီး မြေဆွပေးရမယ့်အချိန် ရောက်လာပါတယ်။ မြေဆွပေးတဲ့အခါ အပင်ရဲ့အရင်းနဲ့ကပ်နေခဲ့ရင်တော့ ဥတွေကို ထိခိုက်နိုင်ပါတယ်။

သစ္စာပန်းဟာ ရောဂါကျရောက်မှုနည်းတဲ့ ပန်းတမျိုးဖြစ်ပါတယ်။ အရွက်ခြောက်ခြင်းနဲ့ ပင်စည်ပုတ်ခြင်း စတာတွေကတော့ တစ်ခါတရံ ဖြစ်တတ်ပါတယ်။ ပြင်ဦးလွင်တို့လို   အေးတဲ့ဒေသတွေမှာတော့   ဆောင်းတွင်းကာလမှာ နှင်းခါးရိုက်တာတွေ ကြံုရလေ့ရှိပါတယ်။ ရာသီဥတုကြောင့်ဖြစ်တာမို့ ကာကွယ်ဖို့ မရှိသေးဘူးလို့ဆိုပါတယ်။ ပန်းခိုင်ထွက်ခါနီးမှာ   နှင်းခါးရိုက်ခဲ့ရင်တော့  အဖူးတွေထွက်မလာတော့ဘဲ မြံုသွားတတ်ပါတယ်။ ပန်းတိုင်မထွက်တဲ့အခါ တောင်သူတွေအနေနဲ့ ၀င်ငွေဆုံးရှုံးမှုရှိပေမယ့် မျိုးထားလို့ရတယ်လို့ သိရပါတယ်။ ဒါကြောင့်မို့ ဒီဒေသမှာတော့ အကြမ်းခံတဲ့ ပန်းရောင်မျိုးနဲ့ မိတ်ကပ်ရောင်နှစ်မျိုးကိုပဲ အဓိကထား စိုက်ပျိုးကြပါတယ်။

သစ္စာပန်းစိုက်ပျိုးသူတွေဟာ သစ္စာပန်းရဲ့ကြီးထွားနှုန်းနဲ့ အချိန်ဘယ်လောက်မှာ ဘယ်လိုပြုစုပေးရမလဲ၊ ပန်းတိုင်ဘယ်တော့ ထွက်လာမလဲဆိုတာတွေကို အပင်မှာရှိတဲ့အရွက် ဘယ်နှစ်ရွက်ထွက်ပြီလဲဆိုတာနဲ့ သတ်မှတ်လေ့ရှိကြပါတယ်။ သစ္စာပန်းအရောင်အလိုက် ပန်းတိုင်ထွက်တဲ့အချိန်ကို သတ်မှတ်ထားတဲ့ အရွက်အရေအတွက်ကလည်း မတူညီကြပါဘူး။

သစ္စာပန်းခုတ်ယူတဲ့အခါ မိုးရာသီပန်းခုတ်ယူပုံနဲ့ ဆောင်းရာသီပန်းခုတ်ယူပုံ မတူကြပါဘူး။ မိုးတွင်းမှာ ပန်းခိုင်ကို ခုတ်တော့မယ်ဆိုရင်တော့ တစောင်းအနေအထားအတိုင်း ဓါး၊ တံစဉ်၊ ကပ်ကျေး စတာတွေနဲ့ ခုတ်ယူပါတယ်။ ဒါမှသာ မိုးရေဝင်ရောက်မှုကို ကာကွယ်နိုင်ပြီးတော့ မျိုးဥတွေ ရရှိမှာဖြစ်ပါတယ်။ အတည့်အတိုင်း ခုတ်ခဲ့မယ်ဆိုရင်တော့ မိုးရေဝင်ပြီး ဥတွေပုတ်သွားတတ် ပါတယ်။ ဆောင်းတွင်းကတော့ အအေးဓါတ်နဲ့ နေရောင်ခြည်ရရှိမှုကောင်းတဲ့အတွက် အရွက်ကိုချန်ပြီးခုတ်ရတာက အဓိကအချက်ဖြစ်ပါတယ်။

နှစ်စဉ် စက်တင်ဘာလကနေ စိုက်ပျိုးလာတဲ့ သစ္စာပန်းတွေဟာ ဧပရယ်လလောက်ဆိုရင် လှိုင်လှိုင်ပေါလာပါတော့တယ်။ စိုက်ပျိုးစရိတ်ကုန်ကျမှု နည်းတယ်လို့ ပြောကြတဲ့သစ္စာပန်းဟာ ကိုယ့်မျိုးနဲ့ကို စိုက်ပျိုးမယ်ဆိုရင်တော့ နွားချေးဘိုး မြေသြစာဖိုးနဲ့ ဆေးဖိုး အနည်းငယ်သာ ကုန်ကျပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required