ကမ္ဘောဇအသင်းတွင် လိုအပ်ချက်များ ရှိနေသေးဟု တိုက်စစ်မှူး စိုးမင်းဦးပြော

ကမ္ဘောဇအသင်းတွင် လိုအပ်ချက်များ ရှိနေသေးဟု တိုက်စစ်မှူး စိုးမင်းဦးပြော
၂၀၁၅ အူရီဒူးမြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ အမှတ်ပေးပြိုင်ပွဲကစားမည့် ကမ္ဘောဇအသင်း။ ဓာတ်ပုံ - သောကြာ

မြန်မာ့လက်ရွေးစင် ဘောလုံးကစားသမား၊ ကမ္ဘောဇအသင်း တိုက်စစ်မှူး စိုးမင်းဦးက ပထမအကျော့ ဘောလုံးရာသီ ပြီးဆုံး ခဲ့ပြီဖြစ်သော်လည်း ကမ္ဘောဇအသင်းတွင် လိုအပ်ချက်များ ရှိနေသေးသည်ဟု မဇ္ဈိမကိုပြောသည်။

ကမ္ဘောဇအသင်းသည် ပထမအကျော့ ပွဲစဉ် ၁၁ ပွဲ ကစားအပြီးတွင် လေးပွဲ နိုင်၊ လေးပွဲ သရေ၊ သုံးပွဲ ရှုံး၊ ရမှတ် ၁၆ မှတ်ဖြင့် အဆင့် ၅ နေရာတွင် ရပ်တည်နေပြီး အဆင့် ၆ နေရာမှ ချင်းယူနိုက် တက်အသင်းနှင့် ရမှတ် တစ်မှတ်သာ ကွာဟနေသည်။

ထို့ပြင် ကမ္ဘောဇအသင်းသည် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလား ဒုတိယ အဆင့်တွင်လည်း တန်းဆင်းဇုန်အတွင်းမှ ဟံသာဝတီအသင်းကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

“ အကောင်းဆုံး မျှော်မှန်းပြီးတော့ ယှဉ်ပြိုင်နေတာပါ။ ဒါပေမယ့် အမှန်အတိုင်းပြောရရင် အများကြီး ကြိုးစားရဦးမယ်။ အသင်းက ဒီနှစ်မှာ လိုအပ်ချက်လေးတွေ တော်တော်များများရှိတယ်။ အဲဒါလေးတွေ အကောင်းဆုံး ပြုပြင်မယ်။ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားပြီး ပေးဆပ်မယ်” ဟု ကမ္ဘောဇအသင်း တိုက်စစ်မှူး စိုးမင်းဦးက ပြောသည်။

ကမ္ဘောဇအသင်းသည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ စတင်ချိန်မှစ၍ ဘောလုံးရာသီ အကုန်တွင် ထိပ်ဆုံး ငါးသင်းစာရင်း ဝင်နိုင်ခဲ့ သည့်အသင်းဖြစ်သော်လည်း ၂၀၁၅ အူရီဒူး မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံး ပြိုင်ပွဲအပြီး ထိပ်ဆုံးငါးသင်း စာရင်းဝင် ရန် ရုန်းကန်ရမည့် အနေအထား ရှိနေသည်။

ကမ္ဘောဇအသင်း နည်းပြ ဦးစိုးမြတ်မင်းက “မနှစ်ကရတဲ့ အဆင့်ထက် တက်ဖို့ မျှော်လင့်ထားတာပါ။ မနှစ်က ရခဲ့တဲ့ တတိယ ထက်အောက်မကျသွားအောင်ပေါ့။ ဒီထက်ပိုပြီး လျော့ကျခဲ့မယ်ဆိုရင် အသင်းက ရလဒ် မကောင်းဘူးလို့ ပြောလို့ရပါတယ်။ လက်ရှိ အမှတ်ပေးပွဲမှာ အဆင့် ၅ မှာ ရှိနေတယ်။

ဒီထက်ပိုပြီး လျော့ရဲသွား မယ်ဆိုရင် ကျိန်းသေ အဆင့် ၅ အောက် ရောက်သွားမှာပါ။ ဒီအတောအတွင်းမှာ အသင်းကို အကောင်း ဆုံးပြင်ဆင်သွားမှာပါ။ ကျွန်တော်အမြင် ရည်မှန်းချက်ဖြစ်တဲ့ ထိပ်ဆုံးပိုင်းကို ရောက်အောင် ကြိုးစားသွားမှာပါ” ဟု ပြောသည်။

ကမ္ဘောဇအသင်းသည် ဇူလိုင် ၁၈ ရက်(ယနေ့)တွင် တောင်ကြီးကွင်း၌ ဇေယျာရွှေမြေအသင်းနှင့် ဒုတိယအကျော့ အဖွင့်ပွဲစဉ် အဖြစ် ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required