ဆီကုမ္ပဏီနှစ်ခု စံချိန်စံညွှန်းမပြည့်မှီ၍ ခေါ်ယူသတိပေး

ဆီကုမ္ပဏီနှစ်ခု စံချိန်စံညွှန်းမပြည့်မှီ၍ ခေါ်ယူသတိပေး

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ။             ။ ပဲဆီသန့် ကုမ္ပဏီနှစ်ခုတို့က ထုတ်လုပ်သည့် ဆီများသည် စံချိန်စံညွှန်းမပြည့်မှီသည့်အတွက် အဆိုပါ ကုမ္ပဏီနှစ်ခုကို ရန်ကုန်တိုင်းဒေသကြီးစားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က ယနေ့(နိုဝင်ဘာ ၁၆) ရက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ခေါ်ယူသတိပေးခဲ့သည်။

"သီဟအောင် ဆီစက် နဲ့ ရွှေမြှားပဲဆီတို့ဟာ ထုတ်ထားတဲ့ စံချိန်စံညွှန်းနဲ့ မညီဘူးဆိုတဲ့ အချက်အလက်ကို တွေ့ရှိရတယ်လို့ စစ်ဆေးတဲ့အပိုင်းက တင်ပြလာတဲ့အတွက် ခေါ်ယူသတိပေး ဝန်ခံကတိလက်မှတ်ထိုးခိုင်းတာ ဖြစ်တယ်" လို့ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်း နဲ့ ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ ဦးမြင့်သောင်းက ပြောသည်။

တိုင်ကြားသူများရှိသည့်အတွက် အဆိုပါ ကုမ္ပဏီနှစ်ခုကို အောက်တိုဘာ လ ၈ ရက်နေ့တွင် FDA ဦးဆောင်ပြီး ၀င်ရောက်စစ်ဆေးခဲ့ကြောင်း၊ ၎င်းကုမ္ပဏီ နှစ်ခုသည် FDA မှ ခွင့်ပြုချက်ရယူထားမှုမရှိခြင်း၊ စည်ပင်သာယာမှ လုပ်ငန်းလိုင်စင် ရယူထားမှုမရှိခြင်း၊ ထုတ်လုပ်သည့် ဆီများကို စစ်ဆေးရာတွင်လည်း ကျန်းမာရေးနှင့် ညီညွတ်သည့် ဆီများကို ထုတ်လုပ်ခြင်းများ မရှိသည့် အတွက် ၎င်းကုမ္ပဏီနှစ်ခုကို ခေါ်ယူသတိပေးခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးစားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးမြင့်နိုင်က ပြောသည်။

"ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးစားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က ဝိုင်းဝန်းဆွေးနွေးပြီးတော့ ဒီကိစ္စဟာ မသိနားမလည်လို့ကျူးလွန်တာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဖြစ်ခဲ့လို့ရှိရင် ဆင်ခြင်လို့ ရအောင်ပြုပြင်လို့ရအောင်ဆိုပြီး ပထမဆုံး စီမံခန့်ခွဲမှုနည်းလမ်းအရ သတိပေးလိုက်တဲ့သဘောပဲဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဖြစ်လာတဲ့ လူတိုင်းကို ဝန်ခံကတိထိုးခိုင်းမယ်လို့တော့ မပြောနိုင်ပါဘူး။ ကျူးလွန်တဲ့ အခြေအနေပေါ်မူတည်ပြီး ဥပဒေအတိုင်း အရေးယူသွားမှာဖြစ်ပါတယ်" ဟု ဦးမြင့်နိုင်က ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါ ပဲဆီသန့်ကုမ္ပဏီ နှစ်ခုကို ခံဝန်လက်မှတ်ရေးထိုးခိုင်းပြီး ၎င်းခံဝန်ကတိမှာ ဆီစက်လည်ပတ်ပြီး ထုတ်လုပ်နေမှုကို ရပ်တန့်ထားရန်နှင့် စျေးကွက်ထဲသို့   ဖြန့်ဖြူးရောင်းချထားပြီးဖြစ်သည့်  ဆီများကို အမြန်ဆုံးပြန်လည်သိမ်းယူရန်တို့ ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required