မက်ဆီဦးဆောင်၍ အာဂျင်တီးနားကစားသမားများ မီဒီယာများကို သပိတ်မှောက်

မက်ဆီဦးဆောင်၍ အာဂျင်တီးနားကစားသမားများ မီဒီယာများကို သပိတ်မှောက်

နိုဝင်ဘာ ၁၆၊ အာဂျင်တီးနား ။            ။ အာဂျင်တီးနားအသင်းက ကိုလံဘီယာအသင်းကို ၃-၀ ဂိုးဖြင့်အနိုင်ရပြီးနောက်တွင် မက်ဆီဦးဆောင်ကာ အာဂျင်တီးနားကစားသမားများက မီဒီယာများကို သပိတ်မှောက်လိုက်ကြသည်။

အာဂျင်တီးနားရေဒီယိုတစ်ခုမှ သတင်းထောက်က တိုက်စစ်မှူးလာဗက်ဇီသည် လေ့ကျင့်ရေးအပြီးတွင် ဆေးခြောက်ပါသောဆေးလိပ်ကို သောက်ခဲ့သည်ဟု ပြောဆိုခဲ့သည်ကို မကျေနပ်သောကြောင့် အာဂျင်တီးနားတစ်သင်းလုံးက မီဒီယာများကို ဖြေကြားခြင်းမပြုတော့ရန် ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။

ထိုသတင်းထောက်၏ သတင်းကြောင့် လာဗက်ဇီမှာ ကိုလံဘီယာနှင့်ပွဲတွင် ချန်လှပ်ခံခဲ့ရသည်။

မက်ဆီက ‘ကျွန်တော်တို့ကို စွပ်စွဲမှုတွေအများအပြားရှိခဲ့ပါတယ်။ တကယ်ကို လေးစားမှုကင်းမဲ့တဲ့ လုပ်ရပ်တွေပါ။ မီဒီယာတွေကို ဘာမှ ပြောတော့မှာ မဟုတ်ပါဘူး။ အဲ့ဒါက အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်ပါတယ်။

လာဗက်ဇီအပေါ်စွပ်စွဲခဲ့မှုက တော်တော်ကိုဆိုးပါတယ်။ လူအများစုက ဒါကို ယုံကြည်ကြမှာပါပဲ။ ဒီကိစ္စကို မယုံကြည်ဖို့ ကျွန်တော်တို့ တိုက်တွန်းလိုပါတယ်။ မီဒီယာကို သပိတ်မှောက်ရတာကိုတော့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ အခြားရွေးချယ်စရာလည်း မရှိပါဘူး’ ဟု ပြောဆိုခဲ့သည်။

ကိုလံဘီယာကိုအနိုင်ရသည့်ပွဲတွင် မက်ဆီက တစ်ဂိုးသွင်းကာ နှစ်ဂိုးဖန်တီးပေးခဲ့သည်။ ထိုပွဲအနိုင်ကြောင့် အာဂျင်တီးနားအသင်း၏ လေးပွဲဆက်နိုင်ပွဲပျောက်ဆုံးမှု ရပ်တန့်သွားပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအမှတ်ပေးဇယားတွင် အဆင့်ငါးနေရာသို့ ပြန်ရောက်လာခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required