ယိုကိုဟားမား အကယ်ဒမီ တက်ရောက်လိုသည့် လူငယ်များကို ရန်ကုန်အသင်း ကူညီမည်

ယိုကိုဟားမား အကယ်ဒမီ တက်ရောက်လိုသည့် လူငယ်များကို ရန်ကုန်အသင်း ကူညီမည်
ရန်ကုန်အသင်းနည်းပြအဖွဲ့ဝင်များက လူငယ်သင်တန်းသားများကို သင်ကြားပေးနေစဉ်။ ဓာတ်ပုံ- YUSC

ဂျပန်နိုင်ငံ ယိုကိုဟားမား လူငယ်ဘောလုံး အကယ်ဒမီသို့ သွားရောက် ပညာသင်ကြား လိုသည့် လူငယ် များကို ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းမှ ကူညီချိတ်ဆက်ပေးသွားမည်ဟု ရန်ကုန်အသင်း အထွေထွေ မန်နေဂျာ ဦးကျော်လင်းထွေးက ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ဂျေ-လိဂ်ကလပ် ယိုကိုဟားမားအက်ဖ်မာရီနာအသင်းနှင့် ပြီးခဲ့သည့် ၂၀၁၃ ခုနစ်၊ စက်တင်ဘာက မိတ်ဖက်စာချုပ် ချုပ်ဆိုခဲ့ပြီး လူငယ်ကစားသမားများနှင့် လူမှုအကျိုးပြုလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်ရန် သဘောတူခဲ့ကြသည်။

“ လာမယ့် ၂၅ ရက်နေ့မှာ ယိုကိုဟားမားအသင်းက နည်းပြအဖွဲ့တွေ အသင်းကို လာပြီးတော့ ဘောလုံးသင်တန်းကျောင်းက သင်တန်းသားတွေကို နည်းစနစ်ပိုင်းတွေ သင်ကြားပေးသွားမှာပါ။ ပြီးရင်တော့ သူတို့ဆီမှာ သင်ကြားပေးတဲ့အပိုင်းတွေကို မီဒီယာခန်းမှာ ထပ်ရှင်းပြပေးသွားမှာပါ။

“တကယ်လို့ ဒီက လူငယ်တွေအနေနဲ့ ယိုကိုဟားမား အကယ်ဒမီမှာ သင်တန်းတက်ချင်တယ် ဆိုရင် အသင်းအနေနဲ့ ကူညီချိတ် ဆက်ပေးပါမယ်။ ကုန်ကျစရိတ်ကိုတော့ ကိုယ်တိုင်ပဲ ကျခံရမှာပါ။ YMG ဆိုတဲ့ နည်းပြသင်တန်းတစ်ခုလည်း ပါလာပြီးဖြစ်ပြီး လူငယ်နည်းပြတွေအနေနဲ့ သွားတက်ချင် ရင် ကူညီပေးသွားမှာပါ” ဟု ဦးကျော်လင်းထွေးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၄ ခုနှစ်မှ စတင်ကာ သက်တမ်းအလိုက် လူငယ်အခပေး ဘောလုံးသင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိသည့်အပြင် အကယ်ဒမီအသင်း ဖွဲ့စည်းကာ လူငယ် ကစားသမားများကို မွေးမြူလေ့ကျင့်ပေး လျက်ရှိ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly