ဧရာဝတီ စည်ပင် ရွေးကောက်ပွဲဖြင့် ရွေးရန် လူထုလိုလား ကုန်ကျစရိတ် မတတ်နိုင်ဟု စည်ပင်ဝန်ကြီးပြော

ဧရာဝတီ စည်ပင် ရွေးကောက်ပွဲဖြင့် ရွေးရန် လူထုလိုလား ကုန်ကျစရိတ် မတတ်နိုင်ဟု စည်ပင်ဝန်ကြီးပြော

ဧရာဝတီတိုင်းဒေသကြီး၊ စည်ပင်သာယာကော်မတီများ ပြန်လည်ရွေးချယ်ရာတွင် ရွေးကောက်ပွဲပြုလုပ်ကာ ပြည်သူများမှ တိုက်ရိုက်ရွေးချယ်ရန် တိုင်းဒေသကြီးနေ ပြည်သူအချို့က လိုလားလျက်ရှိနေပြီး ကုန်ကျစရိတ် မတတ်နိုင်ကြောင်း တိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က မဇ္ဈိမကို ပြောသည်။

"စည်ပင်သာယာခွန်တွေကို ဝန်ထမ်းတွေ စရိတ်ပြန်ပေးရတယ် လမ်းတွေ ဖွံဖြိုးတိုးတက်ရေးတွေ သုံးနေရတယ်၊ စည်ပင်ကော်မတီကို ပြည်သူက တိုက်ရိုက်ရွေးချယ်ရင် ရွေးကောက်ပွဲစရိတ်တွေ စည်ပင်သာယာ အခွန်တွေက သုံးစွဲရမှာပါ၊ ထွေအုပ်က ရပ်ကျေးဥက္ကဋ္ဌရွေးချယ်တာ ပြည်ထောင်စု ဘက်ဂျက်ကသုံးရပေမယ့် ကျွန်တော်တို့က သုံးမရဘူး”ဟု ပြည်သူများ တိုက်ရိုက်ရွေးချယ်မှုနှင့် ပတ်သက်ပြီး အခက်အခဲများရှိကြောင်း စည်ပင်သာယာရေးဝန်ကြီးက ပြောသည်။

သို့သော် ကန်ကြီးထောင့်မြို့နယ်နေ ဦးစည်သူအောင်ကမူ ပြည်သူက တိုက်ရိုက်ရွေးချယ်မှုကို လိုလားလျက်ရှိကြောင်း “ကျွန်တော်တို့က ပြည်သူတွေက တိုက်ရိုက်မဲပေး ရွေးချယ်ဖို့ပဲ မျှော်လင့်တယ် အခုလို ကိုယ်စားလှယ်တွေ အုပ်ချုပ်ရေးပိုင်ရွေးတာ ဒီမိုကရေစီစနစ်မကျဘူး၊ ပြည်သူက စိတ်ကြိုက်ရွေးချယ်ခွင့် မရဘူး၊ အသက်ကန့်သတ်ချက်လည်း မရှိစေချင်ဘူး” ဟုဆိုသည်။

ပြည်သူမှ တိုက်ရိုက်ရွေးချယ်နိုင်ရန် ချီးမြင့်ငွေအပါအဝင် ဥပဒေများ ပြန်လည်ပြင်ဆင်ရန် လိုအပ်နေသေးကြောင်းလည်း စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ဆိုသည်။

“ရွာကြီးတွေက ကော်မတီဝင်ရွေးချယ်ခံခြင်းတယ်၊ ကော်မတီဦးရေများရင် လစာစရိတ် ချီးမြင့်လို့ မရတော့ဘူး၊ ကော်မတီဝင် တိုးခန့်ရင် ကျွန်တော်တို့ တိုင်းလွှတ်တော်တင်ပြီး ဥပဒေပြန်ပြင်ရမယ်၊ စရိတ်ချီးမြင့်ငွေတွေ ပြန်သိမ်းရမယ်” ဟု ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် လက်ရှိတာဝန် ထမ်းဆောင်နေသည့် စည်ပင်သာယာရေး ကော်မတီဝင်များသည် နိုဝင်ဘာလ ၁၅ရက် နောက်ဆုံးထား တာဝန်ထမ်းဆောင်ရန် စည်ပင်သာယာရေးကော်မတီက စာထုတ်အကြောင်းကြားပြီးဖြစ်သည်။

နိုဝင်ဘာလ ၃၀ရက်တွင် စည်ပင်သာယာရေး ကော်မတီဝင်များ ရွေးချယ်ကာ ကော်မတီဝင်အသစ်များဖြင့် လည်ပတ် လုပ်ဆောင်မည်ဖြစ်သည်။ စည်ပင်သာယာ ကော်မတီမရှိသည့် နိုဝင်ဘာလ ၁၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၅ရက်နေ့အထိ စည်ပင်သာယာရေး တာဝန်များကို အလုပ်အမှုဆောင်က တာဝန်ယူ လုပ်ဆောင် ပေးရမည်ဖြစ်သည်။

စည်ပင်သာယာရေး ကော်မတီဝင်များအား မြို့နယ်များတွင် ပြည်သူလွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက တစ်ရပ်ကွက်ငါးဦး ရွေးချယ်ပြီး၊ မဲအများဆုံးရသူ သုံးဦးအား စည်ပင်သာယာ ကော်မတီဝင်အဖြစ် ဆက်လက် ရွေးချယ်မည်ဖြစ်သည်။

ဧရာဝတီတိုင်း ၂၆မြို့နယ်တွင် စည်ပင်သာယာရေး ကော်မတီအား ပြည်သူများမှ သုံးဦး ရွေးချယ် တာဝန်ပေးအပ်ပြီး၊ မဲအများဆုံးရသူမှ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး တစ်ယောက်နှင့် စည်ပင်သာယာရေး အလုပ်အမှုဆောင်က အတွင်းရေးမှူးအဖြစ် တာဝန်ယူမည်ဖြစ်သည်။ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌအား လစာအဖြစ် ကျပ်တစ်သိန်းငါးသောင်းကျပ်နှင့် ကော်မတီဝင် နှစ်ဦးအား တစ်သိန်းနှစ်သောင်းကျပ်အား ချီးမြင့်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required