မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်များ အဆင့်မြှင့်တင်မည်

မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်များ အဆင့်မြှင့်တင်မည်

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများကြား ကုန်သွယ်မှု ပိုမိုတိုးမြှင့်နိုင်ရန် နယ်စပ်ဂိတ်များအားလုံးကို  အာဆီယံအဆင့် စံချိန်စံညွှန်းများဖြစ်လာစေရန် အဆင့်မြှင့်တင်မှာဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆင်ဟွာသတင်းဌာနကို နိုဝင်ဘာ ၁၂ ရက်နေ့က ပြောပါတယ်။

အဆင့်မြှင့်တင်ရာတွင် အဆင့် သုံးဆင့်ခွဲပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ပထမအဆင့်အနေနဲ့ နယ်စပ်ဂိတ်များက တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းများကို ထိုက်တန်တဲ့ ရာထူးနှင့် လစာတိုးမြှင့်ပေးမှာဖြစ်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ ကုန်သွယ်မယ့် ပစ္စည်းများကို အဆင့်မြင့် နည်းပညာများသုံးကာ စစ်ဆေးမှာဖြစ်ပြီး ကန့်သတ်ထားတဲ့ ကုန်ပစ္စည်းများအား ကုန်သွယ်မှုပြုလုပ်ပါက အလိုအလျောက် အချက်ပေးတဲ့စနစ်များ အသုံးပြုသွားမှာဖြစ်ပါတယ်။

တတိယအဆင့်မှာတော့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရာမှာ လိုအပ်တဲ့ ထောက်ခံချက်များအတွက် နယ်စပ်ဂိတ်များမှ One Stop Service ကောင်တာများ ထားရှိမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့် ချိတ်ဆက်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးဇုံ ၁၅ ခုရှိပါတယ်။ ၎င်းတို့ထဲက မူဆယ်ကုန်သွယ်ရေးဇုံဟာ ကုန်သွယ်မှုတန်ဖိုး အများဆုံး ရရှိတာဖြစ်ပါတယ်။

နိုဝင်ဘာလ ၄ ရက်နေ့အရ နယ်စပ်ဂိတ်များအားလုံးကတစ်ဆင့် ၂၀၁၆-၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်ရဲ့ ပထမ ခုနှစ်လအတွင်း စုစုပေါင်း ကုန်သွယ်မှုတန်းဖိုး အမေရိကန်ဒေါ်လာ ၄.၃၂ ဘီလီယံအထိ ရောက်ရှိခဲ့ပါတယ်။

သတင်းရင်းမြစ် - ဆင်ဟွာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly