တရုတ်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး တိုက်လေယာဉ်မှူး လေ့ကျင့်ပျံသန်းမှုအတွင်း သေဆုံး၍ ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်

တရုတ်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး တိုက်လေယာဉ်မှူး လေ့ကျင့်ပျံသန်းမှုအတွင်း သေဆုံး၍ ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်

ပေကျင်း၊ နိုဝင်ဘာ ၁၄ ။            ။ တရုတ်နိုင်ငံတွင် နိုင်ငံ၏ ပထမဆုံးအမျိုးသမီးတိုက်လေယာဉ်မှူးဖြစ်သူ ယုရှုသည် နိုဝင်ဘာ ၁၂ ရက်က လေ့ကျင့်ပျံသန်းစဉ် မတော်တဆဖြစ်ရပ်ကြံုကာ သေဆုံး၍ ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်လျက်ရှိသည်။

ယုရှုသည် လေထီးဖွင့်ရန် ကြိုးစားစဉ် အခြားလေယာဉ်တစ်စီး၏ တောင်ပံနှင့် တိုက်မိခြင်းဖြစ်ကြောင်း တရုတ်မီဒီယာက ဖော်ပြသည်။

ယုရှုမောင်းနှင်သည့် ပြည်တွင်းလုပ် ဂျက်လေယာဉ်လည်း ဟီဘေးပြည်နယ် တန်ရှန်းအရပ်သို့ ပျက်ကျသည်။

“ကျွန်တော်တို့အနေနဲ့ လေသူရဲတပ်မှူးတစ်ဦး ဆုံးရှုံးရလို့ လေတပ်အနေနဲ့ များစွာ ထိခိုက်ရပါတယ်။ ယုရှုရဲ့ စွန့်လွှတ်အနစ်နာခံမှုအတွက် ဝမ်းနည်းရပါတယ်။”ဟု တရုတ်လေတပ်မှ ပြောရေးဆိုခွင့်ရှိသူ ရှန်းကျင်ကီက ပြောသည်။

ယုရှုနဲ့ အတူပျံသန်းခဲ့သည့် အမျိုးသား လေယာဉ်မှူးဖြစ်သူက ပျက်ကျမှုအတွင်း အသက်ရှင်လွတ်မြောက်ပြီး ၎င်းအား ဆေးရုံတင်ပို့ထားသည်။

ပျက်ကျလေယာဉ်မှ လေယာဉ်ပျံသန်းမှုမှတ်တမ်း ဘလက်ဘောက်စ်နှင့် အင်ဂျင်ကို ထုတ်ယူခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိနေသည်။

စီချွမ်းပြည်နယ်မှ ယုရှုသည် ၂၀၀၅ ခုနှစ်အတွင်းက လေတပ်သို့ စတင် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းအနေဖြင့် နှစ်ယောက်စီး J-10 တိုက်လေယာဉ်များ မောင်းနှင်နိုင်ခွင့် အရည်အချင်းပြည့်မှီသည့် အမျိုးသမီးလေယာဉ်မှူး လေးဦးတွင် ပထမဆုံးအမျိုးသမီး လေယာဉ်မှူးလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required