အနာဂတ်နှင့် ပတ်သက်၍ တစ်လအတွင်း အဖြေသိရှိလိုသည်ဟု အင်္ဂလန်ယာယီနည်းပြ ဆောက်ဂိတ် ပြော

အနာဂတ်နှင့် ပတ်သက်၍ တစ်လအတွင်း အဖြေသိရှိလိုသည်ဟု အင်္ဂလန်ယာယီနည်းပြ ဆောက်ဂိတ် ပြော

နိုဝင်ဘာ ၁၄၊ အင်္ဂလန် ။         ။ အင်္ဂလန်အသင်း၏ယာယီနည်းပြ ဆောက်ဂိတ်က အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ၎င်းအားနည်းပြအဖြစ် ခန့်အပ်မည် သို့မဟုတ် မခန့်အပ်မည်ကို တစ်လအတွင်း သိရှိလိုကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ထုတ်ပယ်ခံခဲ့ရသည့် နည်းပြဆမ်အလာဒွိုက်စ်၏ နေရာတွင် ယာယီနည်းပြအဖြစ် တာဝန်ယူထားရသောဆောက်ဂိတ်သည် ၎င်းကိုင်တွယ်ခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ သုံးပွဲတွင် နှစ်ပွဲနိုင်၊ တစ်ပွဲသရေ ကျအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် ဆောက်ဂိတ်သည် အင်္ဂလန်အသင်း၏ အမြဲတမ်းနည်းပြဖြစ်လာရန် ရေပန်းစားလျက်ရှိသည်။ အက်ဖ်အေက ဆောက်ဂိတ်ကို လေးပွဲကိုင်တွယ်ရန် တာဝန်ပေးထားပြီး နောက်ဆုံးပွဲစဉ်အဖြစ် စပိန်အသင်းနှင့်ပွဲစဉ်ကို လာမည့်ဗုဒ္ဓဟူးနံနက်တွင် နည်းပြရမည် ဖြစ်သည်။

ဆောက်ဂိတ်က ‘နိုဝင်ဘာလလယ် နောက်ပိုင်းမှာ ရှေ့ဆက်ပြီး ဘာဆက်လုပ်ရမယ် ဆိုတာသိဖို့ ကျွန်တော့်အတွက် အရေးကြီးပါတယ်။ ဥရောပ ယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပြင်ဆင်စရာရှိသလို အသင်းကြီးအတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်ဖို့ ပြင်ဆင်ရမှာတွေလည်း ရှိနေပါတယ်။ နိုဝင်ဘာလအကုန်နဲ့ ဒီဇင်ဘာလအလယ်လောက်မှာ ဘယ်သူက ဘယ်တာဝန်ယူရမယ်ဆိုတဲ့ အဖြေကို သိရမယ်လို့ ကျွန်တော်ခန့်မှန်းပါတယ်’ ဟု ပြောဆိုခဲ့သည်။

ဆောက်ဂိတ်သည် ၂၀၀၆ မှ ၂၀၀၉ ခုနှစ်အထိ မစ်ဒယ်ဘရော့အသင်းကို ကိုင်တွယ်ဖူးသည့် အတွေ့အကြုံသာရှိသူဖြစ်သည်။ သို့သော် ဆောက်ဂိတ်က အတွေ့အကြုံနည်းပါးသည့်အတွက် စိုးရိမ်မှုမရှိကြောင်းနှင့် ဂွါဒီယိုလာပင်လျှင် ဘာစီလိုနာ(B)အသင်းကိုသာ ကိုင်တွယ်ဖူးပြီး အောင်မြင်မှုရရှိလာသူဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly