မြန်မာအသင်းနှင့် အိုမန်အသင်းတို့ရဲ့ ခြေစမ်းပွဲစဉ်အတွက် ပွဲကြို သတင်းစာရှင်းလင်းပွဲ ပြုလုပ်

မြန်မာအသင်းနှင့် အိုမန်အသင်းတို့ရဲ့ ခြေစမ်းပွဲစဉ်အတွက် ပွဲကြို သတင်းစာရှင်းလင်းပွဲ ပြုလုပ်
(ဓာတ်ပုံ - MFF)

ဒီကနေ့ နိုဝင်ဘာလ ၁၄ ရက် ညနေပိုင်းမှာ ယှဉ်ပြိုင်ကစားကြမယ့် မြန်မာအသင်းနှင့် အိုမန်အသင်းတို့ရဲ့ ခြေစမ်းပွဲစဉ်အတွက် ပွဲကြို သတင်းစာရှင်းလင်းပွဲကို နိုဗိုတယ် ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါသတင်းစာ ရှင်းလင်းပွဲမှ နှစ်ဖက် အသင်းနည်းပြများက ပွဲကြို သတင်းစာရှင်းလင်း ပြောကြားခဲ့ရာ မြန်မာလက်ရွေးစင်အသင်း နည်းပြချုပ် ဂတ်ဆီဇီက “ကျွန်တော်တို့ အင်ဒိုနီးရှားနဲ့ ပွဲမှာ ခြေစွမ်းပိုင်း မကောင်းခဲ့တာကို သိပါတယ်။ ဒါပေမယ့် အိုမန်နဲ့ ပွဲမှာတော့ အကောင်းဆုံး ခြေစွမ်းနဲ့ ပြန်လာမှာပါ။ အသင်းချင်း ကွာခြားပေမဲ့ ခြေစွမ်းပိုင်းပါ ယှဉ်ကစားနိုင်အောင် ကြိုးစားသွားမှာပါ။ ဒီပွဲက ဆူဇူကီးအတွက် အရေးကြီးတဲ့ ပြင်ဆင်မှုဖြစ်ပါတယ်။ အရင်နဲ့ မတူတဲ့ အသင်းကို မြင်ရမှာပါ”လို့ ပြောကြားသွားပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ နိုဝင်ဘာ ၄ ရက်က အင်ဒိုနီးရှားအသင်းနှင့် သုဝဏ္ဏကွင်းမှာ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိ သရေကျခဲ့ပါတယ်။

“မြန်မာအသင်းနဲ့ ကစားရတာက အသင်းအတွက် အတွေ့အကြံုကောင်းတွေ ရရှိမှာပါ။ အရေးကြီးတာက ပွဲကစားရဖို့နဲ့ ကစားသမားတွေအတွက် အတွေ့အကြံုရရှိဖို့အတွက်ပါ။ မြန်မာအသင်းက ကစားပုံကောင်းတဲ့ အသင်းဖြစ်ပြီး နည်းစနစ်ကောင်းကောင်းနဲ့ ကစားနိုင်တဲ့ ကစားသမားကောင်းတွေ ရှိတာကို သိပါတယ်။ အယ်ဟတ်ဆီ မပါတာနဲ့ ပတ်သက်ပြီးတော့ ဘာကြောင့်လဲ ဆိုတာကိုတော့ မပြောချင်ပါဘူး။ အခုအသင်းမှာပါလာတဲ့ ကစားသမားတွေက အိုမန်နိုုင်ငံရဲ့ အကောင်းဆုံး ကစားသမားတွေပါပဲ”လို့ အိုမန်လက်ရွေးစင်အသင်း နည်းပြချုပ် Juan Ramón López Caro က ပြောပါတယ်။

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအနေနဲ့ မူလက အီရန်လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားရန် စီစဉ်ထားသော်လည်း အီရန်အသင်းအတွက် ပေးချေရမယ့် ကစားကြေးမှာ မြင့်မားလွန်းတဲ့အတွက် အိုမန်နှင့်ခြေစမ်းရန် ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

"အိုမန်အသင်းကို ကစားကြေးဒေါ်လာ လေးသောင်း ပေးရပါတယ်။ ပြီးတော့ လေယာဉ်လက်မှတ်ဖိုး၊ တည်းခိုစရိတ်၊ စားစရိတ် အားလုံးကို အဖွဲ့ချုပ်က အကုန်အကျ ခံရပါတယ်။ စုစုပေါင်း ဒေါ်လာ နှစ်သိန်းလောက် ကုန်ပါတယ်။ အီရန်အသင်းက ကစားကြေး ဒေါ်လာ တစ်သိန်း တောင်းတဲ့အတွက် ခြေစမ်းပွဲပျက်ခဲ့ရတာပါ။"လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက မဇ္စျိမကို ပြောပါတယ်။

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းမှာ ဆူဇူကီးဖလားပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် ဥရောပနိုင်ငံများသို့ ခြေစမ်းခရီးများ ထွက်ခဲ့သလို စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားစတဲ့ အသင်းများနှင့် ခြေစမ်းပွဲများ ကစားခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းမှာ နည်းပြ ဂတ်ဇီဆီလက်ထက် နိုင်ငံလက်ရွေးစင်အသင်းများနှင့် ကစားခဲတဲ့ ခြေစမ်းပွဲနှင့် ခြေစစ်ပွဲများမှာ နိုင်ပွဲတစ်ပွဲသာ ရထားပါတယ်။

Ref; MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required