ထူးထူးခြားခြား Shin Kicking ဆိုတဲ့ အားကစား

13 November 2016
ထူးထူးခြားခြား Shin Kicking ဆိုတဲ့ အားကစား
 

ဒီတစ်ပတ်မှာတော့ Shin Kicking ဆိုတဲ့ ကစားနည်းအကြောင်းကို ပြောပြပေးမှာပါ။ ညို့သကျီးကန် ကစားနည်းဖြစ်ပါတယ်။

ဒီကစားနည်းကတော့ တိုက်ခိုက်ရေးအားကစားနည်းတစ်ခုဖြစ်ပြီး ပြိုင်ပွဲဝင်နှစ်ဦးဟာ တစ်ယောက်ညို့သကျီးကို တစ်ယောက် အပြိုင်အဆိုင်ကန်ပြီး မြေပေါ်လဲကျအောင် ကြိုးပမ်းရတာဖြစ်ပါတယ်။ အဲဒီအားကစားကို အင်္ဂလန်သိုင်းပညာလို့လည်း ဖော်ပြ ကြပါတယ်။ ၁၇ ရာစုကတည်းက ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ၁၈၅၀ ခုနှစ်မှာ ပြိုင်ပွဲရပ်တန့်မသွားမီအချိန်ထိ ကော့စဝိုး အိုလင်ပစ်ခ် ပြိုင်ပွဲမှာ ရေပန်းစားတဲ့ အားကစားနည်းဖြစ်ခဲ့ပါတယ်။

၁၉ ရာစုမှာတော့ ဗြိတိန်ကနေ အမေရိကန်ကိုပြောင်းရွှေ့အခြေချသူတွေက ဒီအားကစားနည်းကို ကစားခဲ့ကြပါတယ်။ ၁၉၅၁ ကော့စဝိုး အိုလင်ပစ်ခ် ပြိုင်ပွဲမှာ ပြန်လည်ပါဝင်လာခဲ့ပြီး ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲအဖြစ်လည်း သီးသန့်ကျင်းပနေတဲ့ လူကြိုက်များအားကစား နည်းဖြစ်ပါတယ်။ အခုဆိုရင် လူတွေကိုစိတ်ဝင်စားအောင်ဆွဲဆောင်နိုင်နေပြီဖြစ်ပြီး ပွဲကြည့်ပရိသတ်   ထောင်ပေါင်များစွာလည်း လာရောက်အားပေးလေ့ရှိတဲ့ အားကစားပြိုင်ပွဲဖြစ်လာခဲ့ပါပြီ။

ယှဉ်ပြိုင်ကစားပုံက ပြိုင်ပွဲဝင်နှစ်ဦးဟာ တစ်ယောက်ရဲ့ အကျႌကော်လံကို တစ်ယောက်အပြန်အလှန်ကိုင်ထားရပါတယ်။ ရိုးရာညို့သကျီးကန်ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်တွေဟာ အဖြူရောင်ကုတ် အကျႌဝတ်ကြရပါတယ်။ ပြီးရင် ပြိုင်ဘက်ရဲ့ ညို့သကျီးကို ကန်ကြရပါတယ်။ ပြိုင်ပွဲဝင်မယ့်သူတွေအနေနဲ့ မခံမရပ်နိုင်အောင် နာကျင်တဲ့ဒဏ်ကို ခံနိုင်ရည်ရှိဖို့တော့လိုပါတယ်။ ပြိုင်ပွဲထဲမှာ လဲမကျခဲ့ဘူးဆိုရင် ဒိုင်လူကြီးက အမှတ်နဲ့ အရှုံးအနိုင်ဆုံးဖြတ်ပေးပါတယ်။ ခေတ်သစ်ပြိုင်ပွဲတွေမှာ best of three ပုံစံနဲ့ သုံးပွဲမှာ နှစ်ပွဲနိုင်တဲ့သူကို အနိုင်သတ်မှတ်ပေးပါတယ်။

ရှေးတုန်းကဆိုရင် ပြိုင်ပွဲဝင်တချို့ဟာ စတီးခြေဖူးတပ်ဖိနပ်တွေစီးကြသလို ပြိုင်ပွဲထဲမှာ နာကျင်တဲ့ဒဏ်ကိုခံနိုင်ရည်ရှိဖို့ ညို့သကျည်းတွေကို တူနဲ့ထု လေ့ကျင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ ခေတ်သစ်ပြိုင်ပွဲတွေမှာတော့ ဖိနပ်အပျော့တွေကိုဝတ်ဆင်ခွင့်ပြုပြီး ဘောင်းဘီရှည်ဝတ်ရကာ ခြေသလုံးကိုလည်း ကောက်ရိုးတွေပတ်ပြီး အကာအကွယ်ပြုလုပ်ကြရပါတယ်။ ပြိုင်ပွဲဝင်တွေဒဏ်ရာအပြင်းအထန်ရခဲ့ရင် ဆေးရုံကားတွေလည်း အဆင်သင့်ရှိနေခဲ့ပါပြီ။ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို အင်္ဂလန်မှာပဲ နှစ်စဉ်ကျင်းပနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required