မဲစာရင်းအမည်မပါက မဲပေးနိုင်မည်မဟုတ်ဟု UEC အသိပေး

ရန်ကုန် ဇူလိုင် ၁၇ ။      ။ မဲစာရင်းတွင် မိမိနာမည်မပါဝင်ပါက ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် မဲပေးနိုင်မည်မဟုတ် ဟုပြည်ထောင်စုရွေးကောက်ပွဲကေ်ာမရှင်က ဇူလိုင်လ ၁၇ရက်တွင် ထုတ်ပြန်လိုက်သည်။

မဲစာရင်းများ မှားယွင်းသော်လည်း မဲပေးခွင့်၊ မဲပေးပိုင်ခွင့်ရှိသူ အမှန်ဖြစ်ကြောင်း တာဝန်ခံပြောကြားသူရှိလျှင် ပြင်ဆင်ရေးမှတ်၍ မဲပေးခွင့်ပြုရမည်ဟု လွှတ်တေ်ာရွေးကောက်ပွဲ နည်းဥပဒေပုဒ်မ ၅၀(ဂ)တွင် ပါရှိသဖြင့် မဲစာရင်းတွင် မပါဝင်ပါက မဲပေးနိုင်မည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၁၅ခုနှစ်ရွေးကောက်ပွဲ မဲစာရင်းပြုစုခြင်းလုပ်ငန်းများကို ၂၀၁၄ခုနှစ် နိုဝင်ဘာမှ စတင်ကာ ပြည်နယ်နှင့် တိုင်းများတွင်ပြုစုခဲ့ သည်။ မဲစာရင်းပြုစုမှုကို မဆလခေတ်ကပင် စတင်ထုတ်ဝေခဲ့သည့် အိမ်ထောင်စု စာရင်းကို အခြေခံကာ မဲစာရင်းများ ကိုကောက်ယူခြင်းဖြစ်သည်။

လက်ရှိအချိန်ထိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြည်နယ်နှင့် တိုင်းအသီးသီးမှ မဲပေးနိုင်သူ အခြေခံ စာရင်း ၂၉သန်းကောက်ယူရရှိထားပြီးဖြစ်သည်။

ထိုသို့ကောက်ယူပြီးစီးသော်လည်း မဲစာရင်းတွင် အမည်မပါသူများစွာရှိနေသေးသည်။ ကျူးကျော်ရပ်ကွက်များ တွင်နေထိုင်နေသူ များအတွက် မဲစာရင်းက ယခုအချိန်ထိပါဝင်မှုမရှိသေးပေ။ ယင်းအပြင် ၎င်းတို့ရောက်ရှိရာ နေရာတွင် ရက်ပေါင်း ၁၈၀အထိနေ ထိုင်းကြောင်း ထောက်ခံချက်ရရှိရန်လည်း ခက်ခဲနေကြသဖြင့် မဲစာရင်းတွင် ပါဝင်ရန် အခက်အခဲများစွာရှိသည်ဟု လှိုင်သာယာ မြို့နယ်အတွင်းမှ ကျူးကျော်နေထိုင်သည်ဟု ယူဆရသူများ ကို မဇ္ဈိမက သွားရောက်မေးမြန်းရာတွင် ဖြေဆိုကြသည်။

၂၀၁၀ခုနှစ်က ကျင်းပသည့်အထွေထွေရွေးကောက်ပွဲတွင်လည်း မဲစာရင်းတွင် အမည်ပါဝင်မှုမရှိသဖြင့် မဲမပေးနိုင်သူ များကျန်ရှိ ခဲ့ခြင်း၊ မဲရုံပိတ်ခါနီးအချိန်မှသာ ၎င်းတို့ကို မဲပေးနိုင်ရေးစီစဉ်ပေးခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့သည်ဟု ရခိုင်အမျိုးသားပါတီမှ ဗဟို အလုပ်မှုဆောင် ဦးဦးလှစောကဆိုသည်။

"မြောက်ဦးမှာ မဲမပေးရလို့ မဲစာရင်းမှာမတဲ့သူတွေ ရုတ်ရုတ်သဲသဲတောင်ဖြစ်တယ်၊ နောက်ဆုံးမှ သူတို့တွေ အားလုံးကို မဲပေးနိုင်ဖို့လုပ်ပေးခဲ့လို့ အဆင်ပြေခဲ့တာ အဲဒါ ၂၀၁၀တုန်းက ကျွန်တော်လည်း မြောက်ဦးမှာ ရောက်နေလို့သိရတာ" ဟု ၎င်းကပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည်ဟု ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags