နေပြည်တော်အတွင်း အဆင့်မြှင့်ယာဉ်လိုင်းများ စတင်ပြေးဆွဲ

နေပြည်တော်အတွင်း အဆင့်မြှင့်ယာဉ်လိုင်းများ စတင်ပြေးဆွဲ
(ဓာတ်ပုံ- အောင်မြတ်သူ/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၁၁ရက်၊ ၂၀၁၆ခုနှစ်)။ ။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ၀န်ကြီးရုံးများ၊ ၀န်ထမ်းရပ်ကွက်များ၊ နေပြည်တော်ကုတင် (၁၀၀၀)ဆေးရုံနှင့် ဥတ္တရသီရိမြို့နယ်ရှိ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံများသို့ နိုဝင်ဘာ ၁၀ရက်ကစပြီး အဆင့်မြင့်ယာဉ်လိုင်းများ စတင်ပြေးဆွဲနေပြီ ဖြစ်သည်။

နိုင်ငံတော်၏ လမ်းညွှန်ချက်နှင့်အညီ ဝန်ထမ်းများနှင့် ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေချောမွေ့စေရေး၊ မြို့တော်အဂါရပ်နှင့် ညီညွတ်စေရေးတို့ကို ရည်ရွယ်ပြီး နေပြည်တော်အဆင့်မြင့်ယာဉ်လိုင်းကို စတင်ပြေးဆွဲရန်စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု နိုဝင်ဘာ ၁၀ရက်ကပြုလုပ်သည့် ယာဉ်လိုင်းများစတင်ပြေးဆွဲခြင်းအခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်က ပြောသည်။

အဆင့်မြင့်ယာဉ်လိုင်းတွင် ပါ၀င်ပြေးဆွဲမည့်ယာဉ်များမှာ နေပြည်တော်စည်ပင်သာယာရေးကော်မတီပိုင် အဆင့်မြင့်ယာဉ် (၇) စီး၊ နေပြည်တော်မော်တော်ယာဉ် လုပ်ငန်းစုံထိန်းသိမ်းရေးကော်မတီ(မြို့တွင်း)မှ အဆင့်မြင့်ယာဉ်လိုင်း (၆)စီး၊ တော်ဝင်ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်အသင်းမှ အဆင့်မြင့်ယာဉ်(၃)စီး စုစုပေါင်း (၁၆)စီးဖြင့် စတင်ပြေးဆွဲသွားမည်ဖြစ်သည်။

ပြေးဆွဲမည့် လမ်းကြောင်းများမှာ စည်ပင်ဧည့်ရိပ်သာ - မြို့မဈေး - ဝင်းသူဇာလမ်းဆုံ - ဝန်ကြီးရုံးများ၊ ကုတင် ၁၀၀၀ ဆေးရုံ - ပျဉ်းမနား - ဥတ္တရသီရိအထူးကုဆေးရုံများ၊ မြို့မဈေး- ဓာတုဇယစေတီ- MICC-2- ဂန္ဓမာဈေး- သရဖီဈေး - ချယ်ရီဈေးဟူ၍ လမ််းကြောင်း(၃)ခုတွင် ပြေးဆွဲသွားမည်ဖြစ်သည်။

ယာဉ်စီးခအဖြစ် ခရီးစဉ် စ- ဆုံး အတွက် တဦးလျှင် ၁၀၀၀ကျပ်၊ ခရီးတို အတက်၊ အဆင်းဖြစ်ပါက တဦးလျှင် ၅၀၀ကျပ် ကျသင့်မည်ဖြစ်သည်ဟု နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမျိုးတင့်က ပြောသည်။

"အမြတ်အစွန်းရဖို့ဆိုတာကတော့ လတ်တလော သုံးသပ်တဲ့အခါမှာ သိပ်အဆင့်မပြေသေးဘူး။ သို့သော်လည်းပဲ ကျွန်တော်တို့က အခုတက်လာတဲ့ အစိုးရရဲ့ မူဝါဒနဲ့ ကျွန်တော်တို့နဲ့ ကျွန်တော်တို့ရဲ့ နေပြည်တော်ကောင်စီနယ်မြေမှာ မြို့တော်ကြီးဖြစ်ပြီးတော့ အဆင့်မြင့်ယာဉ်လိုင်းဆိုတာ မရှိတဲ့အတွက်ကြောင့်မို့လို့ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်" ဟု ဦးမျိုးတင့်က ဆိုသည်။

ပြေးဆွဲမည့် ယာဉ်များမှာ ဟွန်ဒိုင်းအမျိုးအစား မီနီဘတ်စ်များ ဖြစ်ပြီး ယာဉ်အင်အားတိုးချဲ့ပြီး လမ်းကြောင်းများကိုပါ တိုးမြှင့်ပြေးဆွဲသွားမည်ဟုလည်း ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်က ပြောဆိုသည်။

"နေပြည်တော်မှာ မြို့တော်ဂုဏ်သိက္ခာနဲ့ ညီညွတ်တဲ့ အဆင့်မြင့်ယာဉ်များဖြင့် ပြေးဆွဲနိုင်ရေးကြိုးပမ်းသွားမယ်” ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုအစိုးရရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေတွင် မြို့နယ်ပေါင်း (၈)မြို့နယ်ရှိပြီး လူဦးရေအားဖြင့် ၁၀သိန်းကျော် နေထိုင်လျက်ရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required