“ ဂျာမန် အစိုးရ သတင်းစာ ရှင်းလင်းပွဲ”

“ ဂျာမန် အစိုးရ သတင်းစာ ရှင်းလင်းပွဲ”

ကိုမျိုးသန့်ရေ

ကျွန်တော် ရန်ကုန်ကို ရောက်ရောက်ခြင်းပဲ ဇူလိုင် ၁၆ ရက်နေ့ အစိုးရပိုင် မြန်မာ့အလင်း သတင်းစာမှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် တစ်ချို့နဲ့ ပြည်ထဲရေးဝန်ကြီးဌာန Media Team အဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ Media Team အဖွဲ့တို့ တွေ့ဆုံဆွေးနွေးတဲ့ သတင်းတိုလေး တစ်ပုဒ် ဖတ်လိုက်ရတယ်။ သတင်းထဲမှာတော့ သတင်းမီဒီယာဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီအထဲမှာ ပြည်ထဲရေးနဲ့ ရဲတပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ရေး ကိစ္စတွေလည်း ပါမှာပါ။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ဂျာမန် သတင်းစာ Taz ဖေါင်ဒေးရှင်းက စီစဉ်ပေးတဲ့ ကျွန်တော်တို့ သတင်းသမားတွေရဲ့ ဘာလင် ခရီးစဉ်မှာ ဂျာမဏီ အစိုးရက ပုံမှန်ပြု လုပ်တဲ့ သတင်းစာရှင်းလင်းပွဲ တစ်ခု တက်ခွင့်ရအောင် စီစဉ်ပေးခဲ့ပါတယ်။ ဒီအတွက် သူတို့ သတင်းစာရှင်းလင်းပွဲကို ဘယ်နည်း ဘယ်ပုံ လုပ်ကြတယ် ဆိုတာ ဗဟုသုတ ရလာခဲ့ပါတယ်။ ကျွန်တော်တို့ ဆီမှာလည်း သူတို့နည်းတူ အတုယူ လုပ်နိုင်ကိုင်နိုင်မယ့် အနေအထားမျိုးတွေလည်း တွေ့ရလို့ ဒီကနေ့ အဲဒီအကြောင်း ပြန်ပြောပြပါရစေ။

ဂျာမန် အစိုးရ သတင်းစာရှင်းလင်းပွဲကို ကျွန်တော်တို့ သွားတက်ခွင့်ရတာ ဇူလိုင် ၁၀ ရက် သောကြာနေ့ပါ။ အခုလိုမြန်မာနိုင်ငံက သတင်းသမားတွေ သတင်းစာရှင်းလင်းပွဲ တက်ရောက်နိုင်ဖို့အတွက် တက်စ် ဖေါင်ဒေးရှင်းဟာ ရက်အတော်ကြာကြာကတည်းက ကြိုတင်စာရင်းသွင်း မှတ်ပုံတင်ထားရပါတယ်။ သတင်းစာရှင်းလင်းပွဲ လုပ်တဲ့ အစိုးရ အဆောက်အဦဟာ အတော်လေးကို ကြီးမားပါတယ်။ သတင်းစာ ရှင်းလင်းပွဲ လုပ်မယ့် ခန်းမ ဆောင် အဝင်မှာတော့ ထုံးစံအတိုင်း လုံခြုံရေး စစ်ဆေးတာ ခံရပါတယ်။

အတွင်းဘက် ပထမ အထပ်မှာ သတင်းစာရှင်းလင်းပွဲ ခန်းမ ရှိပြီး မြေညီထပ်မှာတော့ ကျယ်ဝန်းတဲ့ ဧရိယာနဲ့ ကော်ဖီဆိုင်လေး တစ်ဆိုင်လည်း ရှိပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံ တစ်နိုင်ငံက အဆောက်အဦ ဆိုတော့ ဗိသုကာ လက်ရာနဲ့ သာယာလှပ မှုမှာတော့ပြော ဖို့တောင် မလိုပါဘူး။

သတင်းစာရှင်းလင်းပွဲကို တစ်ပါတ်မှာ သုံးကြိမ် ကျင်းပတယ်လို့ ဆိုပါတယ်။ ပုံမှန်အားဖြင့် သတင်းစာရှင်းလင်းပွဲကို ဝန်ကြီးဌာန အသီးသီးရဲ့ ပြောရေးဆိုခွင့် ရှိသူတွေ လာတက်ကြပါတယ်။ အဲဒီထဲမှာ ဂျာမန် အဓိပတိ အိန်ဂျလာမာကယ်လ် ရဲ့ ပြောရေးဆိုခွင့် ရှိသူလည်း ပါပါတယ်။ အဓိပတိ ကိုယ်တိုင်ကတော့ တစ်နှစ်မှာ နှစ်ခေါက်လောက်တော့ လာတယ် ပြောပါတယ်။

ကျန် ဝန်ကြီးတွေကလည်း အလျဉ်းသင့်သလိုပါ။ သတင်းစာရှင်းလင်းပွဲကို ဂျာမန် ဘာသာနဲ့ ပဲ လုပ်ပါတယ်။ ကျွန်တော်တို့ မြန်မာ သတင်းသမားတွေကိုကျတော့ တက်စ် ဖေါင်ဒေးရှင်းက တာဝန်ရှိသူတွေက သူ့အစုနဲ့သူ ဘာတွေ မေးကြ၊ ဖြေကြသလဲ အကြမ်း ဖျဉ်း ဘာသာပြန်ပေးကြပါတယ်။

ကိုမျိုးသန့်ရေ

သတင်းစာရှင်းလင်းပွဲကို တက်မယ့် သတင်းသမားတွေထဲမှာ ပုံမှန် မှတ်ပုံတင်ထားသူတွေ ရှိသလို၊ တစ်ခါတစ်ရံမှ လာမယ့် သူတွေကတော့ ကြိုတင် မှတ်ပုံတင်ရပါတယ်။ ဂျာမန်ဟာ ဥရောပ သမဂ္ဂရဲ့ စီးပွားရေး ဦးဆောင်နိုင်ငံ တစ်နိုင်ငံ ဖြစ်လေတော့ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက သတင်းသမားတွေလည်း လာရောက် သတင်းယူခွင့် ရှိပါတယ်။ ကျွန်တော်တို့ တက်တဲ့နေ့ မှာဂရိ ဘဏ္ဍာရေးပြသနာ ဆူပွက်နေချိန်မို့ ဂရိ သတင်းထောက်တွေ၊ ပြင်သစ် သတင်းထောက်တွေ တက်တာလည်းတွေ့ရပါ တယ်။ သတင်းထောက်တွေ အတွက် အဝတ်အစား သတ်မှတ်ချက် မရှိဘူးလို့ ဆိုပါတယ်။ ပုံမှန် အပြင်မှာ သွားလာနေကြသလို ဝတ်စား လာကြတာပါပဲ။

သတင်းစာရှင်းလင်းမယ့် အခန်း ဖွဲ့စည်းပုံကတော့ Bundespressekonferenz ဆိုတဲ့ စာတန်းကြီးနောက်ခံနဲ့ ခန်းမရှေ့ စားပွဲ ရှည်ကြီးမှာ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတွေ နေရာယူကြပါတယ်။ ကျွန်တော်တို့ သွားတဲ့နေ့ကတော့ ရှေ့တန်းမှာ ဝန်ကြီး ဌာန ပြောခွင့်ရသူ ၉ ယောက်၊ အဓိပတိရဲ့ ပြောခွင့်ရ တစ်ယောက်၊ သတင်းစာရှင်းလင်းပွဲ ကြီးကြပ်သူ အကြီးအကဲ တစ်ယောက် စုစုပေါင်း ၁၁ ယောက် ရှေ့တန်းမှာ ထိုင်ကြပြီး နောက်တန်းမှာတော့ အခြား ဝန်ကြီးဌာန (၅) ခုက လူ လေးယောက် ထိုင်နေ တာတွေ့ရပါတယ်။

သူတို့ဆီမှာ ပေါ်ပြူလာဖြစ် သတင်းထောက်တွေ မေးမြန်းတာ အခံရဆုံးဟာ အဓိကပတိရဲ့ ပြောရေးဆိုခွင့်ရှိသူနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူတွေပါပဲ။ အဲ ပြောရေးဆိုခွင့်ရှိသူတွေ ဆိုလို့ ပြောရဦးမယ်။ အဲဒီ လူတွေဟာ ဂျာနယ်လစ် အဟောင်းတွေ၊ ပြည်သူ့ဆက်ဆံရေး အရာရှိဟောင်း PR တွေ၊ ဂျာနယ်လစ် လုပ်ခဲ့ဖူးသူ များတယ်လို့ ဆိုပါတယ်။ပြောရေး ဆိုခွင့်ရှိသူ သုံးယောက်ကတော့ ပီအိပ်ချ်ဒီ ဒေါက်တာဘွဲ့ရ တွေပါ။

ခန်းမ ဖွဲ့စည်းပုံအရ ခန်းမ ညာဘက်နဲ့ နောက်ဘက် အထူး အတွင်းစင်မြင့်မှာ ဗီဒီယို ကင်မရာကြီးတွေ အတွက်နေရာ သတ်မှတ် ထားပါတယ်။သတင်းယူတဲ့ သတင်းထောက်တွေ အတွက်ကိုတော့ ခန်းမမှာ နေရာချထားပေးပြီး မိုက်ကရိုဖုန်းတွေ သုံးနိုင်အောင် တပ်ဆင်ပေးထားပါတယ်။ သတင်းထောက်တွေ ထိုင်မယ့် နေရာကို ၄+၇+၄ တစ်တန်း ၁၅ ယောက် ထိုင်နိုင်ပြီး ခန်းမ တစ်ခုလုံး အပြည့် ထိုင်ခုံ ၂၂၀ နီးပါး ချထားပါတယ်။ ကျွန်တော်တို့ သွားတက်တဲ့ နေ့ကတော့ သတင်းထောက် ၅၅ ယောက် ဝန်းကျင် လာပြီး မေးမြန်း သတင်းယူတာ တွေ့ရပါတယ်။

သတင်းစာရှင်းလင်းပွဲ ကျင်းပတဲ့ အချိန်ကိုတော့ ပုံသေ သတ်မှတ် မထားပါဘူး။ အရေးမကြီးတဲ့ နေ့ဆိုရင် နာရီဝက်လောက်နဲ့ ပြီးသွားပြီး အရေးကြီးရင် အမေးအမြန်းထူရင် နာရီနဲ့ချီ ကြာတတ်တယ်လို့ ဆိုပါတယ်။ သတင်းသမား တစ်ယောက်ဟာ တစ်ကြိမ် မက အကြိမ်ကြိမ် မေးခွင့်ရှိပါတယ်။ ဘယ်သူမေးရမလဲ ဆိုတာကို စင်ပေါ်က သတင်းစာရှင်းပွဲ ကြီးကြပ်သူက စီစဉ်ပါတယ်။

ကျွန်တော်တို့ ရောက်နေတုန်းကာလ ဂရိမှာ ဘဏ္ဍာရေး အကြပ်အတည်း ကြုံနေရတော့ အဲဒီ ကိစ္စကို အမေးများပါတယ်။ တရုတ် စတော့ရှယ်ယာ ဈေးကွက် ပြိုတဲ့ ကိစ္စလည်း မေးတယ်လို့ သိရပါတယ်။ သတင်းစာရှင်းလင်းပွဲ ကျင်းပပုံ၊ ပြုလုပ်ပုံဟာ ရိုးရှင်းပြီး လွယ်ကူပါတယ်။

သတင်းစာရှင်းလင်းပွဲ ခန်းမထဲ ရှိသူတွေရဲ့ မိုဘိုင်းဖုန်းတွေထဲ ဖုန်းဝင်ပြီး အသံမည်ရင် ဆင်ဆာ စနစ် တပ်ဆင်ထားတာမို့ အီလက်ထရောနစ် ဘုတ်က ဖုန်းမပြောဖို့ သတိပေး အချက်ပြပါတယ်။ သတင်းစာရှင်းလင်းပွဲ မစခင် ကြီးကြပ်သူ Dr Mayntz က မြန်မာဂျာနယ်လစ်တွေ လာလေ့လာတယ်လို့ ကြေငြာတဲ့အခါ လက်ခုပ်တီးအားပေးကြပါတယ်။

ကျွန်တော်တို့တွေက လေ့လာသူ သက်သက်အဖြစ် မှတ်ပုံတင်ထားတာမို့ မေးခွန်း မေးခွင့် မရှိပါဘူး။ သတင်းစာရှင်းလင်းပွဲနေ့ လည် ၁း၅၂ မိနစ်မှာ ပြီးဆုံးပါတယ်။

ကိုမျိုးသန့်ရေ

ကျွန်တော်တို့မှာလည်း အသွင်ကူးပြောင်းနေဆဲမို့ ဝန်ကြီးဌာနတွေက သတင်းထုတ်ပြန်တာတွေကို အဲလို ပုံစံအတိုင်း လုပ်ရင် လည်း ရမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ခက်တာက ဥရောပ စီးပွားရေးအင်အားကြီး ချမ်းသာတဲ့ ဂျာမဏီနိုင်ငံမှာ ဝန်ကြီးဌာန ၁၆ ခုလောက်ပဲ ရှိပြီး ဆင်းရဲတဲ့ မြန်မာပြည်မှာက ဝန်ကြီးဌာန ၃၀ လောက် ဖြစ်နေတာပါ။

ဒီအတွက် ပြောရေးဆိုခွင့်ရှိသူတွေ အများကြီး ခန့်ထားရမယ့်ပုံပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျာမန်အစိုးရက သတင်းစာရှင်းလင်းပွဲတွေ ကို အဲလို ရိုးရိုးရှင်းရှင်း လုပ်နေသလို ကျွန်တော်တို့ဆီမှာလည်း သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့က လုပ်ပေးရင် ဖြစ်နိုင်ပါကြောင်း အသိပေးလိုက်ရပါတယ်။

ကျန်းမာပျော်ရွှင်ပါစေ။

စည်သူအောင်မြင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags