အဝေးသင်ကာလတွင် ပုသိမ်မြို့အတွင်း လုံခြုံရေး တိုးမြှင့်

အဝေးသင်ကာလတွင် ပုသိမ်မြို့အတွင်း လုံခြုံရေး တိုးမြှင့်

အဝေးသင် စာမေးပွဲကာလဖြစ်သော အောက်တိုဘာလ ၁ရက်နေ့မှစတင်ပြီး လှည့်ကင်း၊ ပတ်ကင်း၊ ရပ်ကင်းများဖြင့် လုံခြုံရေး တိုးချဲ့ထားသော်လည်း အားနည်းနေသေးပြီး၊ အုပ်စုဖွဲ့ရမ်းကားခြင်းများ   ဖြစ်ပေါ်နေသေးကြောင်း ဒေသခံပြည်သူများက ပြောသည်။

ပုသိမ်မြို့ပေါ် နေရာအနှံ့တွင် ညဦးပိုင်းမှစတင်ပြီး လှည့်ကင်း ၆ခု ၊ ရပ်ကင်း ၄ခုတို့ဖြင့် ကင်းလှည့်နေပြီး မြို့မရဲစခန်းရှေ့တွင်လည်း ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး ညစဉ် စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒုရဲမှူး ဝင်းမြင့်ထူးထံမှ သိရသည်။

ယခုအဝေးသင်ကာလတွင် လှည့်ကင်းရပ်ကင်းများဖြင့် လုံခြုံရေးဆောင်ရွက်နေခြင်းမှာ အားနည်းနေသေးပြီး အုပ်စုဖွဲ့ရမ်းကားခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းတို့မှာ နေရာအနှံ့တွင် နေ့စဉ်လိုလို   ဖြစ်ပေါ်နေကြောင်း ၊  အဓိကကျသော နေရာများတွင် လုံခြုံရေး စနစ်တကျ ဆောင်ရွက်သင့်ကြောင်း ဒေသခံများက ဆိုသည်။

"ပတ်ကင်းလှည့်တဲ့အခါ ဒုရဲအုပ်လို အရာရှိတစ်ယောက်လောက်ပဲ သေနတ်ပါတယ်၊ ကျန်တဲ့တပ်သားတွေက နံပါတ်တုတ်လောက် လေးခွလောက်နဲ့ဆိုတာတော့ မဖြစ်သင့်ဘူး၊ ဒါကြောင့် ရဲကိုလူတွေက မခန့်ဘူးဆိုတာ အဲ့ဒါတွေပါတယ်" ဟု ပုသိမ် ကင်မလင်းကျွန်းလမ်းတွင် နေထိုင်သော ဒေသခံ ကိုအောင်ဆန်းဦးက ပြောသည်။

နိုဝင်ဘာလ ၉ရက်နေ့ ညနေ ၄နာရီခန့်တွင်လည်း လွန်ကန်ရပ်ရှိ တည်းခိုခန်း တစ်ခုတွင် ၁လခန့် တည်းခိုနေထိုင်ပြီး အဝေးသင်တက်နေသော ကျောင်းသားတစ်ဦးကို ၎င်းနေထိုင်သော တည်းခိုခန်း အတွင်းဝင်ရောက်ကာ အုပ်စုဖွဲ့ရိုက်နက်ခြင်း ဖြစ်ပွားခဲ့သည်။

" ဒီထဲမှာ ဖြစ်တဲ့ကောင်တွေက ကျောင်းသားလည်းပါတယ် မဟုတ်တာတွေလည်းပါတယ် ၊ ပြီးတော့ပြောသေးတယ် ရဲကိုဖုန်းမဆက်နဲ့ ရဲကိုဖုန်းဆက်ရင် ခင်ဗျားကိုပါ လုပ်မယ်" ဟု အဆိုပါဖြစ်စဉ်တွင် ရိုက်နှက်ခံရသူ ကိုတိုးခန့်ဦးက ပြောသည်။

တည်ဆဲဥပဒေများကို ဖောက်ဖျက် ကျူးလွန်းခြင်းမဟုတ်ဘဲ လူငယ်သဘာဝအရ စနောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပြဿ နာများကို ပြောဆိုဆုံးမပြီး ပြန်လွှတ်လိုက်ကြောင်း ဒုရဲမှူး ဝင့်မြင့်ထူးကဆိုသည်။

" ပစ်ခတ်ဖမ်းစီးခြင်းဆိုင်ရာ နည်းပဒေတွေ ပြဌန်းချက်တွေရှိပါတယ် ၊ လိုအပ်လာရင်တော့ ပစ်ခတ်ဖမ်းစီးပါမယ် ၊ ဒါပေမယ့် မလိုအပ်ဘဲတော့ အလွန်အကျွံအင်အားသုံး ဆောင်ရွက်မှာမဟုတ်ပါဘူး " ဟု ဒုရဲမှူးဝင့်မြင့်ထူးက ပြောသည်။

ပုသိမ်မြို့ အဝေးသင်ကာလတွင် ပုသိမ်တက္ကသိုလ် အဝေးသင်ဌာနခွဲ၌ နယ်ကျောင်းသားများ ပိုမိုလာရောက်ကြပြီး နှစ်စဉ်နှစ်တိုင်း အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားခြင်းများ ၊ မူးယစ်ရမ်းကားခြင်းများ ဖြစ်လေ့ ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required