ရခိုင်တွင် ရေကြီးရေလျှံမှုများအတွက် အစိုးရ၏ အကူအညီများ ထိရောက်မှုအားနည်းဟု လူမှုအဖွဲ့များဝေဖန်

ရခိုင်တွင် ရေကြီးရေလျှံမှုများအတွက် အစိုးရ၏ အကူအညီများ ထိရောက်မှုအားနည်းဟု လူမှုအဖွဲ့များဝေဖန်

ရန်ကုန်၊ဇူလိုင် ၁၄ ။     ။ ဇွန်လ အတွင်းက ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်အတွင်း ရေကြီးရေလှံျမှုများအတွက် အစိုးရ၏ အကူအညီများထိရောက်မှု အားနည်း လျှက်ရှိသည် ဟု ရခိုင်ပြည်နယ် လူမှုကူညီရေးအဖွဲ့ အစည်း များက ဝေဖန်လိုက်သည်။

 ရခိုင်ပြည်နယ် ရေကြီးရေလျှံမှုများကြောင့် ငွေကျပ် ၃ ဒသမ ၂၁၆ ဘီလီယံခန့် ပျက်စီးမှုများဖြစ်ပွား ခဲ့ပြီးပြန်လည်ပြုပြင်မှု များပြု လုပ်ရန်လိုအပ်သည် ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။

 ဇူလိုင် ၁၆ ရက်က ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးကော်မတီ ဥက္ကဌ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ရခိုင်ပြည်နယ်တောင်ကုတ်မြို့ သို့ရောက်ရှိခဲ့ပြီး ဆုံးရှုံးပျက်စီးသွားသော မိသားစုများနေအိမ်များ အတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ရခိုင်ပြည်နယ် အစိုးရ အဖွဲ့လူမှုရေးဝန်ကြီးဒေါက်တာအောင်ကျော်မင်းက  "ရေတိုမှာတော့ စားရေး သောက်ရေး တွေအတွက် မြို့နယ် အားလုံးပေါင်းကို သိန်းနှစ်ရာကျော် လှူဒါန်းပါတယ်။ ရေရှည် စီမံချက်တွေနဲ့ ရေစီးရေလာကောင်းအောင် တူးမြောင်းတွေဖောက် လုပ်ဖို့လည်း အစိုးရ အစီအစဉ်တွေရှိတယ် ဆိုတာပြော သွားပါတယ်" ဟုပြောသည်။

 ရေကြီးရေလျှံမှု နှင့် နှိုင်းယှဉ်ပါက အစိုးရ ၏ အကူအညီမှာ ထိရောက်မှုအားနည်းသည်ဟု တောင်ကုတ် ရေဘေးကူညီရေးအဖွ့ဲမှ ကိုဇေယျကျော်ကပြောသည်။

ကိုဇေယျကျော်က  "တောင်ကုတ်နဲ့ အနီးတစ်ဝိုက်တင် ကျွန်တော်တို့ ကူညီတာ သိန်းတစ်ရာကျော် ဗျ ဘာမှ မထိရောက်ဘူး။ လတ်တလော အတွက်ပဲ ရှိသေးတယ်။ သူတို့ စပါးကျီတွေ ရေထဲပါ သွားကြတာ၊ တစ်မိုးလုံးစားရေးသောက်ရေး အတွက် အများကြီးလိုသေးတယ်"ဟု ပြောသည်။

အစိုးရ ထုတ်ပြန်ချက်အရ ရေကြီးမှုများကြောင့် ရခိုင်ပြည်နယ် တောင်ကုတ်၊သံတွဲ၊ဂွ၊မအီ၊ အမ်း၊ ဘူးသီးတောင်၊မောင်တော မြို့များမှ အိမ်ခြေ ငါးရာကျော် ပျက်စီးခဲ့သည် ဟုထုတ်ပြန်ထားသည်။

ရေကြီးရေလျှံမှုများကြောင့် စိုက်ပျိုးမြေ ၂၅၆၄ ဧက ၊လူနေအိမ်၊ ၅၉၂ လုံး၊ ဘုန်းကြီးကျောင်း နှစ်ကျောင်း၊လမ်း ပိုင်း ၄၂ နေရာနှင့် တံတား ၅၄ စင်း တို့ ပျက်စီးခဲ့သည် ဟုလည်း ထုတ်ပြန်ထားသည်။

 ထို့ပြင် လူ လေးဦးသေဆုံးခဲ့ပြီး တိရစ္ဆာန် ၂၅၀၅၅ ကောင် သေကြေပျက်စီးခဲ့သည် ဟု ပြည်နယ် အစိုးရက သတင်းထုတ်ပြန် သည်။

 သဘာ၀ ဘေးအန္တရယ်ထိခိုက်မှုများအတွက် ချထားပေးသော အသုံးစားရိတ်ငွေများကို လမ်း၊တံတားပြုပြင်ရေး လုပ်ငန်းများ အတွက် အများဆုံးအသုံးပြုထားသည် ကို ပြည်နယ် အစိုးရ စာရင်းများအရသိရသည်။

 အစိုးရ ချ ထားသော ဘတ်ဂျက်များ နှင့် စပ်လျဉ်း၍ ရေဘေးသင့်ပြည်သူများထံ သွားရောက် အကူအညီပေးရေး လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသူ ကိုမျိုးဆွေက "အခုထိတော့ အစိုးရ ကူညီတာ တစ်ခုမှ မရှိသေးဘူး "ဟု ဆိုသည်။

 ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က "ရခိုင်ပြည်နယ် အတွက် နှစ်စဉ်ကျတဲ့ဘတ်ဂျက်အများစု ဟာ လမ်းပန်းဆက်သွယ်ရေးအတွက် အသုံးပြုတာများတယ် ၊လမ်းေ တွ လည်းဘယ်တော့မှ ကောင်းမလာဘူး လူတစ်စု အတွက် အသုံးပြုနေသလိုဖြစ်နေတယ် "ဟု ဆိုသည်။

 ရခိုင်ပြည်နယ် သဘာ၀ ဘေးအန္တာရာယ် ကယ်ဆယ်ရေး ပြန်လည် ပြုပြင်တည်ဆောက်ရေး အတွက် ငွေကျပ် ၃.၂၁၆ ဘီလီယံ ခွင့်ပြုထားပြီး လမ်းတံတား လုပ်ငန်းများအတွက် သန်း ပေါင်း ၁၆၄၉ .၉၆ သန်းအသုံးပြုမည် ဟု ပြည်နယ်အစိုးရ က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly