၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို မည်သည့်နာရီမှ လက်ဆောင်မပေးဖူးကြောင်း ဦးမောင်ဝိတ်ပြော

၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို မည်သည့်နာရီမှ လက်ဆောင်မပေးဖူးကြောင်း ဦးမောင်ဝိတ်ပြော

ရန်ကုန်၊ နိုဝင်ဘာ ၉ ။             ။ မည်သည့် ဝန်ကြီးချုပ်တစ်ဦးတစ်ယောက်ကိုမျှ Patek Philippe နာရီမပေးဖူးသည့်အပြင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို မည်သည့်နာရီမှ လက်ဆောင်မပေးဖူးကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ပြောသည်။

နိုဝင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးမောင်ဝိတ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

" ကျွန်တော်အနေနဲ့ ဘယ်ဝန်ကြီးချုပ်တစ်ဦးတစ်ယောက်ကိုမှ Patek Philippe နာရီမပေးဖူးပါဘူး။ အထူးသဖြင့် ရန်ကုန် တိုင်းဝန်ကြီးချုပ်ကို ဘာနာရီမှ လက်ဆောင်ပေးခဲ့ဖူးခြင်းမရှိကြောင်း တိတိကျကျရှင်းရှင်း လင်းလင်းတင်ပြအပ်ပါ တယ် ခင်ဗျာ" ဟု ဦးမောင်ဝိတ်က ပြောသည်။

နိုဝင်ဘာလ ၆ ရက်နေ့ထုတ် Daily Eleven သတင်းစာတွင် ဖော်ပြခဲ့သည့် " ဝန်ကြီးချုပ်တစ်ဦး ဒေါ်လာတစ်သိန်းတန် Patek Philippe နာရီဝတ်ဆင်ထားသည်" " ယင်းလက်ဆောင်ကို ပေးသူမှာ မကြာသေးမီက မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ကလွတ်မြောက်ခဲ့သော သူဌေးကြီးတစ်ဦးဖြစ်ပြီး အစိုးရသစ်အကူးအပြောင်းတွင် ရန်ကုန်မြို့သစ်စီမံကိန်း တင် ဒါအောင်မြင်ထားသူတစ်ဦးဖြစ်ကြောင်း သိရသည် " ဟူသော ဖော်ပြချက်နှင့်ပတ်သက်၍ ဦးမောင်ဝိတ်က ပြန် လည်ရှင်း လင်းခဲ့ခြင်း ဖြစ်သည်။

" အဆိုပါ  ရေးသားချက်သည် ပုဂ္ဂိုလ်ရေး နာမည်ဖျက်ဖို့ အားနည်းတယ်ထင်လို့ အနိုင်ကျင့်ဖို့ဖြစ်တယ်လို့ စိတ်ထဲမှာ ခံစားမိလို့ ယခုလို လူကြီးမင်းများအား ဖိတ်ကြားရှင်းလင်း တင်ပြရခြင်း ပဲ ဖြစ်ပါတယ်" ဟုလည်း ဦးမောင်ဝိတ်က ပြော သည်။

Daily Eleven သတင်းစာတွင် ဖော်ပြခဲ့သည့် ဖော်ပြချက်အတွင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် ဦးမောင်ဝိတ်တို့၏ အမည်တို့ကို ထည့်သွင်းဖော်ပြထားခြင်းမရှိသော်လည်း ရန်ကုန်မြို့သစ် စီမံကိန်းကို တင်ဒါအောင်ထားသည့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ကြောင်းနှင့် မကြာသေးမှီကမှ မူးယစ်ဆေးဝါးအမှုဖြင့် ထောင်မှ လွတ်မြောက်လာ သူ ဆိုသည့် အသုံးနှုန်းများမှာ မိမိအား ရည်ညွှန်းခြင်းဖြစ်ကြောင်း ဦးမောင်ဝိတ်က ပြောကြားခဲ့သည်။

အဆိုပါ ဖော်ပြချက်နှင့် ပတ်သက်၍ နိုဝင်ဘာလ ၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အပါအဝင် သတင်းမီဒီယာ အဖွဲ့အစည်းများကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးသို့ ခေါ်ယူ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ယင်းကိစ္စများနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မငဆောင်ကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က  “ဖြိုးမင်းသိန်းက အဲ့ဒီနာရီ မပတ်ဘူး။ သူပတ်တဲ့နာရီက Rolex အဲ့ဒါ သူ့မိန်းမ ဝယ်ပေးတာ။ အဲ့ဒီလို အ ထောက်အထား မခိုင်လုံဘဲနဲ့ ရေးတဲ့ဟာ သူ့ဘက်က စာနယ်ဇင်းကျင့်ဝတ် ချိုးဖေါက်တာ” လို့ နိုဝင်ဘာ ၈ရက်နေ့က မဇ္ဈိမ၏ တွေ့ဆုံမေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပြီး ယင်းပြောဆိုချက်အဖော် Eleven မီဒီယာက သတင်းစာရှင်းလင်းပွဲ ပြန်လည် ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင်  Eleven Media ၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးဝေဖြိုးက ဦးဝင်းထိန်၏ ပြောဆိုမှုသည် Eleven Media Group အပေါ် တိုက်ရိုက် စွပ်စွဲသလိုဖြစ်တဲ့ အတွက် တရားဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း နိုဝင်ဘာ ၈ ရက် ညနေပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယနေ့ နိုဝင်ဘာ ၉ ရက် ညနေ ၄နာရီတွင်လည်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်   ပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required