အိုမန်နှင့် ခြေစမ်းပွဲ လက်မှတ်များကို နိုဝင်ဘာ ၁၃ ရက်တွင် စတင်ရောင်းချမည်

အိုမန်နှင့် ခြေစမ်းပွဲ လက်မှတ်များကို နိုဝင်ဘာ ၁၃ ရက်တွင် စတင်ရောင်းချမည်
(ဓာတ်ပုံ - MFF)

ဆူဇူကီးဖလား မတိုင်မီ မြန်မာ့လက်ရွေးစင် အသင်းရဲ့ နောက်ဆုံးခြေစမ်းပွဲဖြစ်တဲ့ အိုမန်လက်ရွေးစင် အသင်းနှင့် ပွဲစဉ်အတွက် လက်မှတ်များကို တစ်ရက်ကြိုတင်ပြီး ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် အိုမန်လက်ရွေးစင် အသင်းတို့ ခြေစမ်းပွဲကို လာမယ့် နိုဝင်ဘာ ၁၄ ရက် ညနေ ၅း၀၀ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး လက်မှတ်များကို နိုဝင်ဘာ ၁၃ ရက်တွင် ရောင်းချပေးသွားမှာဖြစ်ပါတယ်။

လက်မှတ်များကို အထူးတန်း ၃၀၀၀ ကျပ်နှင့် ရိုးရိုးတန်း ၂၀၀၀ ကျပ် သတ်မှတ်ထားပြီး နိုဝင်ဘာ ၁၃ ရက်တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ သုဝဏ္ဏကွင်း ဝင်ပေါက် အမှတ် (၄)၊ ပဒုမ္မာကွင်းနှင့် အောင်ဆန်းကွင်း အထူးတန်း ဝင်ပေါက်များတွင် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ပွဲနေ့တွင်လည်း ကွင်းဝင်ပေါက်များမှာ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

မြန်မာအသင်းနှင့် ခြေစမ်းကစားမယ့် အိုမန်အသင်းဟာ အာရှအဆင့် ခြေစွမ်းမြင့်မားတဲ့ အသင်းကောင်းတစ်သင်း ဖြစ်ပြီး နောက်ဆုံး ကစားထားတဲ့ ခြေစမ်းပွဲ နှစ်ပွဲတွင် ကူဝိတ်ကို အနိုင်ကစားကာ ဥရောပ အသင်းကောင်း တစ်သင်းဖြစ်တဲ့ အိုင်ယာလန် အသင်းကို ရှုံးနိမ့်ထားပါတယ်။အိုမန်အသင်းသည် မြန်မာအသင်းနှင့် ခြေစမ်းပွဲ မကစားမီ နိုဝင်ဘာ ၁၁ ရက်တွင် ဂျပန်အသင်းနှင့် ခြေစမ်းပွဲ ကစားဦးမှာဖြစ်ပြီး ထိုမှ မြန်မာနိုင်ငံသို့ ဆက်လက် ထွက်ခွာလာမှာဖြစ်ပါတယ်။

Source: MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required