အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးခံထားရသည့် ပြင်ဦးလွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို ပထမ အကြိမ်ရုံးထုတ်စစ်ဆေး

အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးခံထားရသည့် ပြင်ဦးလွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို ပထမ အကြိမ်ရုံးထုတ်စစ်ဆေး

မန္တလေး၊နိုဝင်ဘာ ၈ ။            ။ အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသည့် ပြင်ဦးလွင်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုး၊ ဒုတိယဦးစီးမှူး ဦးကျော်ကျော်နိုင်နှင့် အကြီးတန်းစာရေး ဦးအောင်စိုးမိုးတို့ကို နိုဝင်ဘာလ ၈ ရက် နံနက်ပိုင်းတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ တရားစွဲဆိုခံရခြင်းမှာ မန်ကျည်းအင်းကျေးရွာသစ်အား ပြည်ထဲရေးအမည်ပေါက် ရွာမြေတိုးချဲ့သတ်မှတ် ပေးရန် အတွက် ဒေသခံများနှင့်လုပ်ငန်းရှင်တစ်ချို့ထံက   ငွေကြေးများတောင်းယူခဲ့ခြင်းကြောင့် အဂတိတိုက်ဖျက်ရေးကော်မရှင်က ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ခြင်းကြောင့် အောက်တိုဘာလ ၂၉ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ် သည်။

တရားစွဲဆိုစစ်ဆေးနေမှုနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး၊ တရားလွှတ်တော် တရားရေးဦးစီးမှူး ဦးမြင့်စိုးက "ကျွန်တော်တို့ အမှုကိုလက်ခံပြီးစစ်ဆေးနေပါတယ်"ဟု ပြောသည်။

လုပ်ပိုင်ခွင့်အာဏာရှိသော နိုင်ငံဝန်ထမ်းဖြစ်ပြီး ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ကျေးရွာနေပြည်သူများထံမှ တံစိုး လက်ဆောင်ရယူသူနှင့် လုပ်ပိုင်ခွင့် ရာထူးအာဏာရှိသူမဟုတ်သော်လည်း ရာထူးအာဏာဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန် များ ကျင့်သုံးဆောင်ရွက်ရာတွင် ငွေကြေးများရယူခဲ့ကြသည်ဟုဆိုကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးအား (ပ)၂၂ ဝ/ ၂၀၁၆၊ ၂၀၁၃ ခုနှစ် အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆၊ (ပ)၂၁၉/၂၀၁၆၊ ပုဒ်မ ၅၆ ဖြင့်လည်းကောင်း၊ ဒုဦးစီးမှူး ဦးကျော်ကျော်နိုင်အား (ပ)၂၂၂/၂၀၁၆၊ အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့်လည်းကောင်း၊ အကြီးတန်းစာရေး ဦး အောင်စိုးမိုးအား(ပ)၂၂၄/၂၀၁၆၊ အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၇၊ (ပ)၂၂၃/၂၀၁၆၊ ပုဒ်မ ၅၇ ဖြင့်လည်းကောင်း အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

တရားလိုဖြစ်သည့် အဂတိတိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးရေးမှူးကို လာမည့်ရုံးချိန်းဖြစ်သည့် နိုဝင်ဘာလ ၁၇ ရက် နေ့တွင် စတင်စစ်ဆေးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required