အာဆင်နယ်နှင့် ပွဲကိုလွဲစေသည့် အဝါကတ်ပြခံရ၍ ပရိသတ်များကို အီဘရာဟီမိုဗစ် တောင်းပန်

အာဆင်နယ်နှင့် ပွဲကိုလွဲစေသည့် အဝါကတ်ပြခံရ၍ ပရိသတ်များကို အီဘရာဟီမိုဗစ် တောင်းပန်

နိုဝင်ဘာ ၈၊ မန်ချက်စတာ။           ။ တစ်ပွဲပယ်ပြစ်ဒဏ်ကျခံရစေနိုင်သည့် ငါးကြိမ်မြောက်အဝါကတ်ပြခံရပြီး အာဆင်နယ်နှင့်နိုဝင်ဘာ ၁၉ တွင်ကစားရမည့်ပွဲကို လွဲချော်ရတော့မည်ဖြစ်၍ အီဘရာဟီမိုဗစ်က မန်ချက်စတာယူနိုက်တက် ပရိသတ်များကို တောင်းပန်လိုက်သည်။

ဆွီဒင်တိုက်စစ်မှူးသည် ဆွမ်ဆီးကို ၃-၁ ဂိုးဖြင့်အနိုင်ရသည့် ပွဲတွင် လူစားဝင်ပြိုင်ဘက်ကစားသမား လီရွိုင်းဖာကို ပြစ်ဒဏ် ကျူးလွန်မိသဖြင့် လက်ရှိရာသီ ငါးကြိမ်မြောက် အဝါကတ်ပြခံခဲ့ရခြင်းဖြစ်သည်။

“နောက်ပွဲကိုလွဲတော့မှာဖြစ်လို့ တောင်းပန်ပါတယ်။ ကျွန်တော်သိပ်ကစားချင်တဲ့ ပွဲကိုမလွဲချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်အသင်းနဲ့ အသင်းဖော်တွေအနေနဲ့ ကျွန်တော်မပါလည်း အကောင်းဆုံးလုပ်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။

ကျွန်တော်က အမြဲတမ်း ပွဲချိန်တိုင်း မာမာထန်ထန်နဲ့ဖြစ်ဖြစ် ဘယ်လိုပုံစံနဲ့ပဲ ဖြစ်ဖြစ် ဘောလုံးဖျက်ထုတ်ကစားတတ်ပါတယ်။ အဝါကတ်တစ်ကတ်လည်း ရခဲ့ပါတယ်။

အင်္ဂလန်မှာတော့ ရုပ်ပိုင်းဆိုင်ရာအားပြုကစားရလို့ ဘောလုံးကစားရတာခက်ပါတယ်။ ဒါကို လက်ခံရပါမယ်။ ပရော်ဖက်ရှင်နယ် ဆန်ရပါမယ်”ဟု အီဘရာဟီမိုဗစ်က ပြောသည်။

ဆွမ်ဆီးနှင့်ပွဲတွင် နှစ်ဂိုးသွင်းခဲ့သည့် အီဘရာဟီမိုဗစ်၏ဂိုးမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်း၏ ၂၅, ၀၀၀ မြောက်ဂိုးဖြစ်ပြီး စက်တင်ဘာနောက်ပိုင်း မိုဗစ်၏ ပထမဆုံးသွင်းဂိုးလည်းဖြစ်သည်။

ဆွမ်ဆီးကိုအနိုင်ရသဖြင့် မန်ယူအသင်းအနေဖြင့် လေးပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုကို ရပ်တန့်နိုင်ခဲ့ပြီး မော်ရင်ဟို၏အသင်းမှာ ၁၁ ပွဲကစား၊ ၁၈ မှတ်ဖြင့် အဆင့် ၆ နေရာ ရပ်တည်နေသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required