နည်းပညာဘီလူးကြီး ဂူဂဲ၏ မောင်းသူမဲ့ကား ပထမဆုံးအကြိမ် ထိခိုက်ဒဏ်ရာရသည့် ယာဉ်တိုက်မှုဖြစ်

နည်းပညာဘီလူးကြီး ဂူဂဲ၏ မောင်းသူမဲ့ကား ပထမဆုံးအကြိမ် ထိခိုက်ဒဏ်ရာရသည့် ယာဉ်တိုက်မှုဖြစ်

လော့စ်အိန်ဂျလိစ်၊ ဇူလိုင်-၁၇ ။    ။ မောင်းသူမဲ့ နမူနာကားများထဲမှ တစ်စင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မတော်တဆမှုတစ်ခု တွင်ပထမဆုံးအကြိမ် ပါဝင်ခဲ့သည်ဟု Google Inc က ဇူလိုင်လ ၁၆ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

မောင်းသူမဲ့နမူနာကား အစင်း ၂၀ကျော် သာမန်ယာဉ်များနှင့်အတူ လမ်းပေါ်တွင် စမ်းသပ်မောင်းနှင်နေရာ ဂူဂဲ၏ ဇာတိမြို့ဖြစ် သည့် Mountain View တွင် နည်းပညာဘီလူးကြီးက အာရုံခံဆင်ဆာများနှင့် ကင်မရာများ တပ်ဆင်ပေးထားသည့် Lexus SUV ကားကို  အခြားကားတစ်စင်းက နောက်ပိုင်းမှ ဝင်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကားပေါ်တွင် လိုက်ပါသွားသည့် ဂူဂဲ ဝန်ထမ်းသုံးဦးမှာ ဦးခေါင်းကို မဆိုစလောက် ဆောင့်မိသွား၍ ဆေးရုံပြခဲ့ရသော်လည်း ထိခိုက်ဒဏ်ရာရခဲ့ခြင်းမရှိ၍ အလုပ်ပြန်ဝင်နေပြီဖြစ်ကြောင်း ဂူဂဲက ပြောကြားခဲ့သည်။ ဝင်တိုက်မိသည့် အခြားကား၏ ယာဉ်မောင်းကလည်း လည်ပင်းနှင့် ကျောတွင် နာကျင်သွားခဲ့သည်ဟု ဆိုသည်။

အများပြည်သူသုံးလမ်းမများပေါ်တွင် စမ်းသပ်မောင်းနှင်စဉ် အရေးပေါ်လိုအပ်လာပါက ထိန်းချုပ်နိုင်ရန် အတွက်မောင်းသူမဲ့ကား ၏ယာဉ်မောင်းနေရာတွင် လူတစ်ယောက်ကို လိုက်ပါစေသည့်အပြင် ကားပေါ် လိုက်ပါစီးနင်းရသည့် အတွေ့အကြုံအသးစိတ်ကို လပ်ပတော့ကွန်ပျူတာဖြင့် မှတ်တမ်းတင်နိုင်ရန်အတွက် ရှေ့ခန်းထိုင်ခုံတွင် နောက်ထပ် ဝန်ထမ်းတစ်ဦးကိုပါ လိုက်ပါစေခဲ့သည်။

နည်းပညာဘီလူးကြီးဂူဂဲက နည်းပညာအရ ပိုမိုလုံခြုံဘေးကင်းပြီး၊ လူသားယာဉ်မောင်းများထက်လည်း စွမ်းရည်ပိုသာသည်ဟု ယုံကြည်သောကြောင့် မောင်းသူမဲ့ကား စွန့်ဦးတီထွင် ထုတ်လုပ်သည့် လုပ်ငန်းတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားသည်။

ယခုယာဉ်တိုက်မှုမှာ ၆နှစ်တာအတွင်း မိုင်ပေါင်း ၁.၉သန်း စမ်းသပ်မောင်းနှင်လာခဲ့ရာတွင် ၁၄ကြိမ်မြောက် မတော်တဆမှု ဖြစ်ပွားခြင်းပင်ဖြစ်သည်။ ၎င်း၏ မောင်းသူမဲ့ကားများက မည်သည့်ယာဉ်တိုက်မှုမျိုးကိုမှ မဖြစ်ပွားစေနိုင်ဟု ဂူဂဲက ရဲရဲကြီးပြောကြားနေခဲ့သော်လည်း ၂၀၁၁ခုနှစ်က ဂူဂဲဝန်ထမ်းတစ်ဦးက မောင်းသူမဲ့ကားတစ်စင်းကို ဟိုနားသည်နား မောင်းနှင်ရာ မောင်းသူမဲ့စနစ်အလုပ်မလုပ်၍ အခြားကားတစ်စင်းကို နောက်မှ ဝင်တိုက်ခဲ့ဖူးသည်။ ုယာဉ်တိုက်မှု ၁၄ခုအနက် ၁၁ခုမှာ နောက်မှ ဝင်အတိုက်ခံရခြင်းဖြစ်သည်ဟု ဂူဂဲက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required