အများပိုင်ယာဉ်လိုင်းများကို နှစ်ဆန်းပိုင်းတွင် စတင်ပြေးဆွဲနိုင်ရန် အကောင်အထည်ဖော်နေ

အများပိုင်ယာဉ်လိုင်းများကို နှစ်ဆန်းပိုင်းတွင် စတင်ပြေးဆွဲနိုင်ရန် အကောင်အထည်ဖော်နေ
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်များအားတွေ့ရစဉ်။(ဓာတ်ပုံ - ရဲနိုင် လောက်ကိုင်)

ရန်ကုန်၊ နိုဝင်ဘာလ ၇ ။             ။ ရန်ကုန်မြို့အတွင်း အများပြည်သူ သွားလာရ အဆင်ပြေစေရန် အများပိုင်ယာဉ်လိုင်းများကို လာမည့် ၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ပြေးဆွဲနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှူး အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောသည်။

" ဒါကတော့ စနစ်ကို ပြောင်းတာဖြစ်တဲ့အတွက် စိန်ခေါ်မှုများတယ်ပေါ့နော်။ ဒါပေမယ့်လည်း ဒါက ရန်ကုန်မြို့ရဲ့ အများ ပြည်သူသွားလာရေးအတွက် အရေးကြီးဆုံးက ဘတ်စ်ကားတွေဖြစ်တဲ့အတွက် ဘတ်စ်ကား စနစ်ကို ပြောင်းလဲရ တာ ပေါ့။ စနစ်ကို ပြောင်းတဲ့အခါ တစ်ဦးချင်းပိုင်ကနေပြီးတော့ အများပိုင် ဖြစ်လာမယ်။ ပြေးဆွဲတဲ့စနစ်တွေကလည်း လိုင်းတွေ အများကြီးမရှိတော့ဘဲနဲ့ ခန့်မှန်းခြေ လိုင်းပေါင်း ၆ဝ လောက်ပဲ ရှိလာမယ်"ဟု ၎င်းက ဆိုသည်။

အဆိုပါ အများပိုင်ယာဉ်လိုင်းများကို အကောင်အထည်ဖော်ဖြစ်ပါက ရန်ုကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုဌာနမှ ထိန်းချုပ်သွားမည်ဖြစ်ပြီး နှစ်ပေါင်း ၂ဝကျော် ယာဉ်ဟောင်းနေရာများတွင် ယာဉ် အသစ်များကို အ စားထိုးပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ယာဉ်လိုင်းပေါင်း ၃၅ဝကျော်ရှိပြီး အဆိုပါ ယာဉ်လိုင်းများအား ခန့်မှန်းခြေ လိုင်းပေါင်း ၆ဝ ခန့်အထိ လျော့ ချပြီး အများပိုင်ယာဉ်လိုင်းများဖြင့်   ပြေးဆွဲသွားမည်ဖြစ်ကြောင်း ဒေါက်တာမောင်အောင်၏ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် ဖွဲ့စည်းထားသော ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်တွင် အဖွ့ဲဝင်ပေါင်း ၂၁ ဖွဲ့ရှိသည်။

အဆိုပါ ကုမ္ပဏီတွင် အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်သည့် မော်တော်ယာဉ်လုပ်ငန်းပေါင်း စုံထိန်းသိမ်းရေး ကော်မတီ (မ.ထ.သ)က အစိုးရမှ အများပိုင်ယာဉ်လိုင်းများ စတင်ပြေးဆွဲရန် လျာထားချက်ဖြစ်သည့် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အ ချိန်မှီပြေးဆွဲနိုင်ရန် ပြင်ဆင်မှုအနေဖြင့် ၂ဝဝ၆/၂ဝဝ၇ မော်ဒယ် ယာဉ်များကို တရုတ်နိုင်ငံမှ ယာဉ်စီးရေ ၂၁ဝ နှင့် တောင်ကိုရီး ယားနိုင်ငံမှ ယာဉ်စီးရေ ၂ဝ၂ စီးကို စာချုပ်ဖြင့် ဝယ်ယူထားပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် နောက်ဆုံး ရောက်ရှိမည် ဖြစ်ကြောင်း မော်တော်ယာဉ်လုပ်ငန်း ပေါင်း စုံထိန်းသိမ်းရေး ကော်မတီ (မ.ထ.သ) ခေတ္တ ဥက္ကဌ ဦးမင်းဇော်က ပြောသည်။

" ကျွန်တော်တို့က  ကားရောက်တဲ့အပေါ်မှုတည်ပြီး အစိုးရအဖွဲ့ရဲ့ဆောင်ရွက်ချက်နဲ့အညီ ၂ဝ၁၇ (၁) လပိုင်း(၁) ရက် နေ့ကို စနိုင်အောင်ကြိုးစားနေပါတယ်" ဟု ၎င်းက ဆိုသည်။

စာချုပ်အတိုင်း ယာဉ်အစီးရေ ၄ဝဝ ကျော် ရောက်ရှိလာပါက ပြန်လည်ပြင်ဆင်ထားသည့် ယာဉ်အစီးရေ ၁ဝဝ ကျော် စုစုပေါင်း ၅ဝဝကျော်ဖြင့် ယာဉ်လိုင်းပေါင်း ၉ လိုင်းကို ပြေးဆွဲနိုင်ရန် ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့တွင် သက်ဆိုင်ရာ အစိုးရထံ လျှောက်ထားလိုက်ပြီဖြစ်ကြောင်း ၎င်း၏ ပြောပြချက်အရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly