တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံ ၏ကေဆောင်လုပ်ခဆွေးနွေးပွဲများ သဘောတူညီချက်မရရှိဘဲ ပြီးဆုံး

တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံ ၏ကေဆောင်လုပ်ခဆွေးနွေးပွဲများ သဘောတူညီချက်မရရှိဘဲ ပြီးဆုံး

ဆိုးလ်၊ ဇူလိုင်-၁၇ ။ ။ နှစ်နိုင်ငံပူးပေါင်းလည်ပတ်နေ သည့်မြောက်ကိုရီးယားရှိကေဆောင်စက်မှုဇုန်တွင် ကာလကြာ လုပ်ခအငြင်း ပွားမှုနှင့် ပတ်သက်၍ တောင်နှင့်မြောက် နှစ်နိုင်ငံအရာရှိများကြား ရှားရှားပါးပါး ဆွေးနွေးပွဲများ ကျင်းပခဲ့သော်လည်း ဇူလိုင် ၁၆ ရက်နေ့က သဘောတူညီချက် တစ်စုံတစ်ရာမရရှိဘဲ ပြီးဆုံးသွားခဲ့သည်ဟု ဆိုသည်။

မြောက်ကိုရီးယားနယ်စပ်ပေါ် ၁၀ကီလိုမီတာကျယ်ဝန်းသည့် ကေဆောင်တွင် လုပ်ခနှင့်ပတ်သက်ပြီး လပေါင်းများစွာ ကြာအောင်နှစ်နိုင်ငံ အငြင်းပွား လာကြရာ ပြုံယမ်းက ၎င်း၏မြောက်ကိုရီးယား အလုပ်သမားများကို လုပ်ခတိုးမြှင့်ပေးရန် တစ်ဖက်သတ်လုပ်ဆောင်နေသောကြောင့် တောင်ကိုရီးယားက လုပ်ခလစာပြောင်းလဲမှုမှန်သမျှကို နှစ်နိုင်ငံ ပူးတွဲဆုံးဖြတ် ရမည်ဟု အပြင်းအထန် ဆန့်ကျင်ကန့်ကွက်နေသည်။

တစ်နှစ်ကျော်ကာလအတွင်း  လုပ်ခအငြင်းပွားမှုကို ဆွေးနွေးရန်အတွက် ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားက စက်မှုဇုန် ကြီးကြပ်ရေး ပူးတွဲကော်မတီတစ်ရပ်ကို ပြန်လည်ဖွင့်လှစ်ရန် သဘောတူခဲ့သည်။

ဆိုးလ်အခြေစိုက် Yonhap သတင်းအေဂျင်စီက ဇူလိုင် ၁၆ရက်နေ့က တောင်ကိုရီးယားအရာရှိတစ်ယောက်ကို ကိုးကားဖော်ပြ ချက်အရ တောင်နှင့်မြောက်မှ ကိုယ်စားလှယ်များ ကာလကြာမြင့်စွာ ဆွေးနွေးခဲ့ကြသော်လည်း သဘောတူညီချက်တစ်စုံတစ်ရာ မရရှိခဲ့ဟု ဆိုသည်။ နှစ်ဖက်စလုံးက ထပ်မံတွေ့ဆုံရန် ရည်ရွယ်ချက်ရှိသော်လည်း ရက်အတိအကျ သတ်မှတ်နိုင်ခြင်းမရှိသေးဟု ဆိုသည်။

အစောပိုင်းက တောင်ကိုရီးယား ကိုယ်စားလှယ်၅ဦးအဖွဲ့ကို မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့က စက်မှုဇုန်ရှိ ညီလာခံ ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ကြသည်ဟု ဆိုသည်။   

ပြုံယမ်းနှင့် ဆိုးလ်တို့၏ ဖက်စပ် လုပ်ငန်း တစ်ခုဖြစ်သည့် စက်မှုဇုန် တွင်တောင်ကိုရီးယား ကုမ္ပဏီ ၁၂၀ ခန့် အလုပ်လုပ်နေ ပြီးမြောက်ကိုရီးယားနိုင်ငံသား ၅၃၀၀၀ကို အလုပ်ပေးထားသည်။ ကေဆောင်းစက်မှုဇုန်တွင် လုပ်ငန်းလုပ်ကိုင် သည့်တောင်ကိုရီး ယားကုမ္ပဏီများမှာ ချေးငွေမက်လုံများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုကို အာမခံပေးသည့် အစိုးရထံမှ အခွန်ငွေလျှော့ပေါ့ပေးခြင်းများ အပြင် လုပ်ခကိုလည်း ဈေးပေါပေါနှင့် ရရှိနိုင်ကြသည်။

ကေဆောင်ကို ၂၀၀၄ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး နှစ်နိုင်ငံပြဿနာဖြစ်သည့်အခါတိုင်း အခြားပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများ ပိတ်သိမ်းသွားသော်လည်း ကေဆောင်မှာမူ မထိမခိုက်ဘဲ ယခုအချိန်အထိ ရှင်သန်ရပ်တည်လာနိုင်ခဲ့သည်။

သို့ရာတွင် ၂၀၁၃ခုနှစ်ကမူ နှစ်နိုင်ငံ စစ်ရေးတင်းမာမှု ရုတ်တရက် ထိုးတက်မြင့်မားလာပြီးနောက်တွင် မြောက်ကိုရီးယားက ၎င်း၏ အလုပ်သမားများကို ပြည်လည်ရုပ်သိမ်းလိုက်သောကြောင့် စက်မှုဇုန်ကို ၅လနီးပါး ပိတ်သိမ်းထားခဲ့ရသည်။ ယင်းသို့ ပိတ်သိမ်းခဲ့ရမှုကြောင့် ကုမ္ပဏီအတော်များများမှာ အရှုံးပေါ်ခဲ့ရပြီး နာလံထူရန် ကြိုးစားနေရသည်ဟု ဆိုသည်။

ငွေကြေးပြတ်လပ်နေသည့် မြောက်ကိုရီးယားအတွက်မူ ကေဆောင်မှာ အဓိက ငွေဝင်လမ်းကြောင်းကြီးတစ်ခုဖြစ်သည်။ ငွေမာ လုပ်ခများကို အစိုးရက ထိန်းချုပ်ထားဖြင့် တစ်စိတ်တစ်ပိုင်းသာလျှင် ပြည်တွင်းငွေကြေးဖြင့် အလုပ်သမားများ ကိုပြန်လည်ပေးချေ သည်ဟု ဆိုသည်။

ယခုနှစ်တွင် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုများနှင့် နျူကလီးယား အန္တရာယ်များနှင့် ခြိမ်းခြောက်ခဲ့သလို၊ အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကြောင့်လည်း နှစ်နိုင်ငံ နယ်စပ်တင်းမာမှုမှာ မြင့်မားဆဲ အနေအထားတွင်ပင် ရှိနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly