မှတ်တိုင်တစ်ခုအဖြစ် Mister Tourism World 2016 ပြိုင်ပွဲဝင်မယ့် ဥက္ကာမင်းမောင်

မှတ်တိုင်တစ်ခုအဖြစ် Mister Tourism World 2016 ပြိုင်ပွဲဝင်မယ့် ဥက္ကာမင်းမောင်

ရန်ကုန်၊ နိုဝင်ဘာ ၅ ။             ။ ပရိသတ်နဲ့ ရင်းနှီးပြီးသား သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဥက္ကာမင်းမောင်က သူ့ဘဝမှတ်တိုင်တစ်ခုအဖြစ် ပထမဆုံး နိုင်ငံတကာပြိုင်ပွဲတစ်ခုဖြစ်တဲ့ Mister Tourism World 2016 ကို သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ ငယ်ငယ်တုန်းက လုပ်ချင်တယ်ဆိုရင်တောင် အာ့လို ပြိုင်ပွဲတွေက မရှိဘူးလေ။ အခုလို သရုပ်ဆောင် တစ်ယောက်ဖြစ်မှ Mr ပြိုင်ပွဲတစ်ခု ဝင်ပြိုင်တာ ပြောတဲ့သူတွေလည်း ရှိပါတယ်။ နောက် ဘာဆုမှ မရလာရင်လည်း ကျွန်တော့်သရုပ်ဆောင် အလုပ်ကို ထိခိုက်ကောင်းထိခိုက်နိုင်ပေမယ့် ကျွန်တော့ ဘဝရဲ့ မှတ်တိုင်တစ်ခုအနေနဲ့ ဒီပွဲကို ဝင်ပြိုင်တာပါ” လို့ Mister Tourism World Myanmar 2016 ဥက္ကာမင်းမောင်က ပြောပါတယ်။

အဆိုပါ ပြိုင်ပွဲကြီးကို ဖိလစ်ပိုင်နိုင်ငံတွင် ဒီဇင်ဘာ ၃  မှ  ၁၀ ရက်ထိ  ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်တွင် နောက်ဆုံး ဖိုင်နယ်ကို ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Mister Tourism World 2016 ပြိုင်ပွဲကြီးမှာ သွားရောက်ယဉ်ပြိုင်ရန်ပြင်ဆင်နေတဲ့ ဥက္ကာမင်းမောင်က လတ်တလောမှာ မထင်မှတ်ထားတဲ့ စိတ်ဖိစီးမှုတွေအရမ်းများနေပေမယ့် အကောင်းဆုံး ယှဉ်ပြိုင်သွားမှာ ဖြစ်တယ် လို့လည်း ဥက္ကာမင်းမောင်က ပြောပါတယ်။

“အခု ကျွန်တော်က အရမ်း Stress တွေ အရမ်းများနေတာ။ အဖေဆုံးသွားတာကလည်း အခုဆို တစ်လပြည့်၊ နောက်ကျွန်တော့်အခွေကလည်း ၁၈ ရက်နေ့ ထွက်မှာ၊ နောက် ကျွန်တော့် ဇာတ်ကားကြီးကလည်း ကျွန်တော် ပြိုင်ပွဲ သွားမယ့်လမှာ ရုံတင်မယ်၊ အခု ဒီပွဲကလည်း ပြင်ဆင်နေရတယ်ဆိုတော့ တော်တော်တော့ စိတ်ဖိစီး နေရပါတယ်။” လို့ ဆိုပါတယ်။

လက်ရှိမှာ “18” လို့ နာမည်ပေးထားတဲ့ သူ့ရဲ့ တစ်ကိုယ်တော် အခွေကို ထွက်ရှိဖို့ ပြင်ဆင်နေပြီး သူ့ဘဝရဲ့ ပထမဆုံး နိုင်ငံတကာ ပြိုင်ပွဲဖြစ်တဲ့ Mister Tourism World 2016 ပြိုင်ပွဲအတွက် အကောင်းဆုံး ယှဉ်ပြိုင်နိုင်ရန် ပြင်နေကြောင်းလည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required