ဇန်နဝါရီတွင် ကစားသမားသစ်ခေါ်ဖွယ်ရှိဟု ဂျာဂင်ကလော့ပ် အရိပ်အမြွက်ပြော

ဇန်နဝါရီတွင် ကစားသမားသစ်ခေါ်ဖွယ်ရှိဟု ဂျာဂင်ကလော့ပ် အရိပ်အမြွက်ပြော

နိုဝင်ဘာ ၅၊ လီဗာပူးလ်။             ။ ဒန်နီအင့်စ် ဒူးဒဏ်ရာရသွားပြီး ရာသီကုန်ထိနားရရန် ရှိနေသဖြင့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း ကစားသမားအင်အား ဖြည့်တင်းဖွယ်ရှိသည်ဟု လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်က အရိပ်အမြွက်ပြောသည်။

အင့်စ်မှာဒူးဒဏ်ရာ ခွဲစိတ်ကုသရမည်ဖြစ်၍ ရာသီကုန်ထိ နားရမည်ဖြစ်ပြီး မန်နီသည်လည်း အာဖရိကဖလားပွဲရှိနေရာ နှစ်သစ်ကူး ကာလအထိ လီဗာပူးလ်အတွက် ကစားပေးနိုင်မည်မဟုတ်ပေ။

ယင်းမှာ ဂျာမန်နည်းပြကို အပြောင်းအရွှေ့ဈေးကွက်အတွင်း ကစားသမားသစ်ခေါ်ရန် စဉ်းစားလာစေပြီး လုပ်ဆောင်ရမည့် ကိစ္စတစ်ခု ဖြစ်လာနိုင်ကြောင်း ကလော့ပ်က ပြောသည်။

“ဈေးကွက်ထဲမှာ တစ်ချိန်လုံးစောင့်ကြည့်နေမယ်။ တစ်ယောက်ယောက်ဒဏ်ရာရခဲ့ရင် တစ်မျိုးစဉ်းစားဖို့ လိုတယ်လေ။ အာဖရိက ဖလားပွဲရှိတာကိုလည်း ကျွန်တော်တို့သိထားပြီး အဲဒီပွဲကြောင့် အထိခိုက်ခံလို့ မဖြစ်ဘူး။ ဒါပေမဲ့ ဈေးကွက်ကို သေချာချဉ်းကပ်ရ ဦးမှာပါ”ဟု ကလော့ပ်က ပြောသည်။

ပရီးမီးယားလိဂ်အဆင့် ၃ နေရာတွင်ရှိနေသည့် လီဗာပူးလ်အသင်းအတွက် အလွန်အလုပ်များသည့် ကာလဖြစ်လာမည်ကိုလည်း ကလော့ပ်က စိုးရိမ်နေသည်။

တိုက်စစ်တွင် ဖာမီနို၊ စတာရစ်ချ်နှင့် အိုရီဂီတို့ရှိနေသော်လည်း အင့်စ်အနားယူရမည်ဖြစ်၍ ကလော့ပ်က လူအင်အားထပ်ဖြည့်ချင် နေခြင်းဖြစ်သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required