‘ဒီနေ့ပွဲ အနိုင်မရတဲ့ အဓိကအချက်က ဘောလုံး ပေးပို့မှုတွေ အရမ်းကို နှေးလွန်းပါတယ်’ - မြန်မာနည်းပြ ဂတ်ဆီဇီ

‘ဒီနေ့ပွဲ အနိုင်မရတဲ့ အဓိကအချက်က ဘောလုံး ပေးပို့မှုတွေ အရမ်းကို နှေးလွန်းပါတယ်’ - မြန်မာနည်းပြ ဂတ်ဆီဇီ
(ဓာတ်ပုံ - MFF)

ဆူဇူကီး ဖလား ပြိုင်ပွဲအတွက် ပြင်ဆင်လေ့ကျင့်နေတဲ့ မြန်မာ့လက်ရွေးစင်အသင်းဟာ နိုဝင်ဘာ ၄ ရက်၊ ညနေ(၅း၀၀)နာရီက အုပ်စု(က)အသင်း တစ်သင်းဖြစ်တဲ့ အင်ဒိုနီးရှားအသင်းနှင့် သုဝဏ္ဏကွင်းတွင် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိ သရေဖြင့် ပြီးဆုံးခဲ့ပါတယ်။

ပထမပိုင်းတွင် အိမ်ရှင် မြန်မာရော အင်ဒိုနီးရှားအသင်းပါ အပိုင် ကန်သွင်းခွင့် များများစားစား မရှိခဲ့သလို ကွင်းလယ်နှင့် ရှေ့တန်း ချိတ်ဆက်မှု အားနည်းခဲ့သလို ဘောလုံး ပေးပို့မှု အမှားအယွင်းများခဲ့ပါတယ်။ ဒုတိယပိုင်းတွင် ကောင်းဆက်နိုင်အစား ဆမ်လန်မန်၊ ရန်နိုင်ဦး အစား မျိုးကိုထွန်း၊ အောင်သူအစား မောင်မောင်လွင်၊ ဝင်းနိုင်စိုးအစား သန်းပိုင်တို့ ဝင်ရောက် ကစားခဲ့သည်။

အင်ဒိုနီးရှားနှင့် ခြေစမ်းပွဲနှင့် ပတ်သက်လို့ မြန်မာအသင်း နည်းပြချုပ် ဂတ်ဆီဇီက ”ဒီနေ့ပွဲ အနိုင်မရတဲ့ အဓိကအချက်က ဘောလုံး ပေးပို့မှုတွေ အရမ်းကို နှေးလွန်းပါတယ်။ ဥရောပမှာ လေ့ကျင့် ကစားခဲ့စဉ်က ကောင်းကောင်း လုပ်နိုင်ကြတဲ့ ပွဲတွေရှိသလို အခုလိုပဲ အမှားများခဲ့တဲ့ပွဲတွေလည်း ရှိပါတယ်။ ဒီနေ့ပွဲကတော့ ကစားသမားတွေမှာ ဘောလုံး ဆုံးရှုံးမှုတွေ များတယ်။ အထူးသဖြင့် အောင်သူဆိုရင် ဘောလုံးတွေ ဆုံးရှုံးတာ များတယ်။ ဥရောပမှာ ကစားခဲ့စဉ်ကဆိုရင် ဆိုက်ပရပ်စ် ကလပ်အသင်းတွေက အောင်သူကို ခေါ်ဖို့အထိ စိတ်ဝင်စားခဲ့ကြတယ်။ ဒီနေ့လို ခြေစွမ်းမျိုးနဲ့တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ရဲကိုဦးလည်း ဒီနေ့ပွဲ အမှားများခဲ့ပါတယ်။ လာမယ့် အိုမန်နဲ့ ပွဲမှာတော့ ဒီနေ့ပွဲနဲ့ မတူတဲ့ ကစားဟန် မြင်တွေ့ရမှာပါ။ ဒီထက်ပိုကောင်းတဲ့ စွမ်းဆောင်မှုတွေ ရလာမှာပါ။ ဆူဇူကီး ဖလားမှာလည်း ကျွန်တော်တို့ မြန်မာအသင်း ဆီမီးဖိုင်နယ် တက်ပါမယ်။”လို့ မီဒီယာများအား ဖြေကြားသွားခဲ့ပါတယ်။

ပွဲအပြီး အင်ဒိုနီးရှား နည်းပြချုပ် အဲဖရက် ရီဒယ်က ပြောကြားရာမှာ ”ဒီနေ့ ကစားပုံနဲ့ဆိုရင်တော့ ကျွန်တော်တို့အသင်း အုပ်စု(က)ကနေ တက်ဖို့ အလားအလာ မရှိပါဘူး။ ခြေစမ်း ပွဲရလဒ် ကိုတော့ ကျေနပ်ရ မှာပါ။ မြန်မာအသင်း နောက်တန်း ကစားပုံ ကောင်းလွန်းလို့ ကျွန်တော်တို့ ဂိုးမရတာပါ။ အုပ်စု(ခ)မှာ မြန်မာအသင်း ဆီမီးဖိုင်နယ် တက်ပါလိမ့်မယ်။”လို့ ဆိုပါတယ်။

ဒါပေမယ့် အင်ဒိုနီးရှား နောက်တန်း အမှား အယွင်းမရှိ ကာကွယ် ဖျက်တောက် ထားနိုင်မှုကြောင့် မြန်မာရှေ့တန်းလူများ အလုပ်မဖြစ်ခဲ့ပေ။ အလားတူ အင်ဒိုနီးရှား တိုက်စစ်ကိုလည်း မြန်မာနောက်တန်းနှင့် ကွင်းလယ် တားဆီးထားနိုင်ခဲ့တာကြောင့် ဂိုးမရှိသရေဖြင့်သာ ပွဲပြီးဆုံးခဲ့ပါတယ်။

Source: Myanmar Football Federation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required