မင်းသားကြီး Val Kilmer က သူ့တွင် ကင်ဆာရှိနေကြောင်း သတင်းကို ငြင်းဆန်ပယ်ချ

မင်းသားကြီး Val Kilmer က သူ့တွင် ကင်ဆာရှိနေကြောင်း သတင်းကို ငြင်းဆန်ပယ်ချ

အမေရိကန် မင်းသားကြီး Val Kilmer သည် သူ့တွင် ကင်ဆာရှိနေသည် ဆိုသည့် သတင်းကို ငြင်းဆန်လိုက်သည်။ သူနှင့် တွဲဘက်သရုပ်ဆောင်ဟောင်း ဖြစ်သူ မင်းသားကြီး Michael Douglas က Val Kilmer တွင် ကင်ဆာရှိနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် Val Kilmer က ငြင်းဆန်လိုက်ခြင်း ဖြစ်သည်။

“ကျွန်တော် Michael Douglas ကို ချစ်ပါတယ်။ ဒါပေမဲ့ သူ သတင်းမှားကို ကြားခဲ့တာပါ” ဟု Top Gun နှင့် Batman Forever ဇာတ်ကားများ၏ သရုပ်ဆောင် Val Kilmer က ဖေ့စ်ဘွတ် စာမျက်နှာတွင်   ရေးသားခဲ့သည်။

တနင်္ဂနွေနေ့တွင် Douglas က၊ Kilmer သည် လည်ချောင်းကင်ဆာ ဝေဒနာကို ခံစားနေရသည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။ လည်ချောင်းကင်ဆာ ရောဂါမှာ မင်းသားကြီး Douglas လည်း ၂၀၁၀ ခုနှစ်က ခံစားခဲ့ရသော ရောဂါဝေဒနာ ဖြစ်သည်။

Kilmer က သူသည် လျှာ ရောင်ကိုင်းသည့် ဝေဒနာမှ တဖြည်းဖြည်းချင်း သက်သာလာနေကြောင်း နှင့် ထိုရောဂါမှာ ကင်ဆာမဟုတ်ကြောင်း ပြောခဲ့သည်။

“Douglas နဲ့ ကျွန်တော် စကားပြောခဲ့တဲ့ နောက်ဆုံးအကြိမ်က လွန်ခဲ့တဲ့ ၂ နှစ်လောက်ကပါ။ အဲဒီတုန်းက ကျွန်တော့်လည်ချောင်းထဲက အကျိတ်နဲ့ ပတ်သတ်ပြီး စမ်းသပ်စစ်ဆေးမှှု ခံယူဖို့အတွက် အထူးကု တစ်ယောက်ဆီ ညွှန်းပေးဖို့ ကျွန်တော် သူ့ကို ပြောခဲ့တာပါ” ဟု ၅၆ နှစ် အရွယ် မင်းသားကြီး Kilmer က ဆိုသည်။

“အဲဒီနောက်မှာတော့ ကာလီဖိုးနီးယား တက္ကသိုလ်က အဖွဲ့နဲ့ စမ်းသပ်စစ်ဆေးမှှု ခံယူခဲ့ပါတယ်။ ကင်ဆာမဟုတ်ကြောင်း သိခဲ့ရပါတယ်” ဟု မင်းသားကြီးက ဆက်လက်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags