ဒေါ့မွန်အသင်း ရှုံးထွက်(၁၆)သင်းအဆင့်တက်ခဲ့ပြီး ရီးယဲယ်၊ လက်စတာ၊ ဂျူဗင်တပ်စ်တို့ သရေကျခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် (၄)

ဒေါ့မွန်အသင်း ရှုံးထွက်(၁၆)သင်းအဆင့်တက်ခဲ့ပြီး ရီးယဲယ်၊ လက်စတာ၊ ဂျူဗင်တပ်စ်တို့ သရေကျခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် (၄)
(ဓာတ်ပုံ - အီးပီအေ)

ချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၄) ဒုတိယနေ့ပွဲစဉ်အဖြစ် ဒီကနေ့ညပိုင်းမှာ ဆက်လက်ကစားခဲ့ရာ လက်ရှိချန်ပီယံ ရီးယဲလ်အသင်းက ပိုလန်ဂလပ် လီဂီယာဝါဆောကို အဝေးကွင်းမှာ သရေကျပြီး အုပ်စုတွင်းပြိုင်ဖက် ဒေါ့မွန်က အိမ်ကွင်းမှာ စပို့တင်းလစ္စဘွန်းကို နိုင်ပြီး (၁၆) သင်းအဆင့်ကို အစောဆုံး တက်ရောက်နိုင်ခဲ့ပါတယ်။ ဒီကနေ့ပွဲမှာ အင်္ဂလန်ကလပ်တွေ နိုင်ပွဲပျောက်ခဲ့သလို အသင်းကြီးတွေလည်း တစ်ဆင့်တက်ဖို့ နောက်ထပ်ပွဲတွေ ကစားသွားရအုံးမှာပါ။

အုပ်စု(E) ရဲ့ ပွဲစဉ်တွေမှာတော့ မိုနာကိုအသင်းက ဖယ်လ်ကာအိုရဲ့ သွင်းဂိုးတွေနဲ့ CSKA မော်စကိုကို (၃)ဂိုးပြတ်နဲ့ နိုင်ခဲ့တာကြောင့် အုပ်စုတွင်း ရမှတ် (၈) မှတ်နဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။ စပါးကတော့ လေဗာကူဆင်ကို တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် စပါးရဲ့ ချန်ပီယံလိဂ် မျှော်လင့်ချက်က အန္တရာယ်ရှိနေတဲ့ အနေအထားကို ရောက်နေပါတယ်။ လေဗာကူဆင်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် (၆၅)မိနစ်မှာ ကမ်ပဲလ်က သွင်းယူခဲ့ပါတယ်။ အိမ်ကွင်း ဝှိုက်ဟတ်လိန်းကို ပြန်လည်ဆောက်လုပ်နေတာကြောင့် လန်ဒန် ဝင်ဘလေကွင်းကို ယာယီအသုံးပြုတဲ့ စပါးဟာ ချန်ပီယံလိဂ် နှစ်ပွဲဆက် ရှုံးနိမ့်ခဲတာလည်းဖြစ်ပါတယ်။ အုပ်စုတွင်းရပ်တည်မှုမှာတော့ စပါးအသင်းဟာ ဘိုင်ယန်လေဗာကူဆင်အောက် ရမှတ် (၄)မှတ်နဲ့ အဆင့် (၃) နေရာမှာရှိတာကြောင့် လက်ကျန် နှစ်ပွဲဖြစ်တဲ့ အဝေးကွင်း မိုနာကိုနှင့် အိမ်ကွင်းမှာ CSKA မော်စကိုအသင်းတို့ ကစားရမှာမို့ နောက်တစ်ဆင့်တက်ဖို့ အတော်လေး ခက်ခဲနေအုံးမယ့် အနေအထားရှိပါတယ်။

အုပ်စု (F) ပွဲတွေအဖြစ် ကစားခဲ့တဲ့ ပွဲတွေမှာ ဒေါ့မွန်က အိမ်ကွင်းမှာ စပို့တင်းလစ္စဘွန်းကို (၁-ဝ) ဂိုးနဲ့ အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်ကို တက်ခဲ့ပေမယ့် ရီးယဲယ်မက်ဒရစ်အသင်းကတော့ လီဂီယာဝါဆောနဲ့ (၃) ဂိုးစီ သရေကျခဲ့လို့ အုပ်စုက တက်ဖို့  ပွဲစဉ် (၅) အထိ စောင့်ရအုံးမှာပါ။ ရီးယဲလ်က အိမ်ကွင်းပရိသတ်မပါတဲ့ လီဂီယာဝါဆောကို  ဘေးလ် (၁) မိနစ်၊ ဘန်ဇီမာ (၃၅) မိနစ်မှာ ဦးဆောင်ဂိုးတွေ သွင်းယူခဲ့ပေမယ့် အိမ်ရှင်အသင်းက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်သွင်းခဲ့လို့ ရီးယဲလ်တို့ နောက်ကလိုက်ကစားခဲ့ရပါတယ်။ ရီးယဲလ်ကွင်း လယ်လူ ကိုဗာဆစ်က (၈၅) မိနစ်မှာ ချေပခဲ့လို့ သရေကျခဲ့တာဖြစ်ပါတယ်။

အုပ်စု (G) မှာတော့ ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာစီးတီးက ကိုပင်ဟေဂင်ကို အနိုင်ရခဲ့ရင်  ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်နိုင်မှာဖြစ်ပေမယ့် အဝေးကွင်းမှာ ဂိုးမရှိ သရေကျခဲ့ပါတယ်။ ဒါပေမယ့်လည်း အုပ်စုအတွင်းမှာ ပေါ်တိုရဲ့အထက် (၃)မှတ်အသာ ရမှတ် (၁၀)မှတ်နဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပြီး (၄)ပွဲမှာ ပေးဂိုး မရှိပဲ နောက်တစ်ဆင့် တက်ဖို့လည်းရာခိုင်နှုန်း ပိုများနေပါတယ်။  ပေါ်တိုအသင်းကတော့ ဘရုဂေးကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

အုပ်စု (H) ပွဲစဉ်တွေကတော့ ဂျူဗင်တပ်စ်က အိမ်ကွင်းမှာ လိုင်ယွန်ကို (၁-၁)နဲ့  သရေကျခဲ့ပါတယ်။  ဟီဂွာအင်က (၁၃)မိနစ်မှာ ပင်နယ်တီကနေ သွင်းယူပြီး ဂျူဗင်တပ်စ်က ဦးဆောင်နေခဲ့ပေမယ့် တိုလစ်စ်ဆိုက (၈၄) မိနစ်မှာ လိုင်ယွန်အတွက် ချေပဂိုး သွင်းယူသွားခဲ့ပါတယ်။ ဆီဗီလာကတော့ ဒိုင်နမိုဇာဂရက်ကို (၄)ဂိုးပြတ်နဲ့ နိုင်ပြီး အုပ်စုတွင်း (၁၀)မှတ်နဲ့ ဦးဆောင်နေပြီး နောက်တစ်ဆင့်တက်ဖို့ များနေပါတယ်။

ချန်ပီယံလိဂ်ပွဲစဉ် (၄) ရလဒ်များ

မိုနာကို ၃-၀ CSKA မော်စကို
စပါး ဝ-၁ လေဗာကူဆင်
ဒေ့ါမွန် ၁-၀ စပို့တင်းလစ္စဘွန်း
လီဂီယာဝါဆော ၃-၃ ရီးယဲလ်
ကိုပင်ဟေဂင် ဝ-၀ လက်စတာ
ပေါ်တို ၁-၀ ကလပ်ဘရုဂေး
ဆီဗီလာ ၄-၀ ဒိုင်နမိုဇာဂရက်
ဂျူဗင်တပ်စ် ၁-၁ လိုင်ယွန်
အက်သလက်တီကို ၂-၁ ရော့စတော့ဗ်
ဘက်ဆစ်တက် ၁-၁ နာပိုလီ
လူဒိုဂိုရတ်စ် ၂-၃ အာဆင်နယ်
ဘေဆယ် ၁-၂ PSG
PSV ၁-၂ ဘိုင်ယန်မြူးနစ်
ဘင်ဖီကာ ၁-၀ ဒိုင်နမိုကိဗ်
မိုချန်ဂလာဘတ် ၁-၁ ဆဲလ်တစ်
မန်စီးတီး ၃-၁ ဘာစီလိုနာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly