အက်သလက်တီကို၊ ဘိုင်ယန်၊ အာဆင်နယ်နှင့် PSG တို့ ၁၆ သင်းအဆင့်တက်၊ ဘာစီလိုနာကို မန်စီးတီး အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်

အက်သလက်တီကို၊ ဘိုင်ယန်၊ အာဆင်နယ်နှင့် PSG တို့ ၁၆ သင်းအဆင့်တက်၊ ဘာစီလိုနာကို မန်စီးတီး အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်
(ဓာတ်ပုံ - အီးပီအေ)

ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စု (D) မှာ အက်သက်လတီကိုအသင်းက ဂရစ်ဇ်မန်းရဲ့ နောက်ဆုံးမိနစ် ဒုတိယဂိုးနဲ့ ရော့စတော့ဗ်ကို အိမ်ကွင်းမှာ အနိုင်ရရှိခဲ့သလို အုပ်စုတွင်း ပြိုင်ဘက် ဘိုင်ယန်မြူးနစ်က အဝေးကွင်းမှာ PSV ကို ၂-၁ ဂိုးနဲ့ နိုင်ခဲ့တာကြောင့် နှစ်သင်းလုံး ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့ပါတယ်။ အုပ်စု (A) မှာ အာဆင်နယ်အသင်းကတော့ ဘူလ်ဂေးရီးယားမြေမှာ လူဒိုဂိုရတ်စ်အသင်းကို (၃-၂) ဂိုးနဲ့ အနိုင်ရခဲ့လို့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ပြီး အုပ်စု (C) က အင်္ဂလန်ကလပ်အသင်း မန်စီးတီးက အိမ်ကွင်းမှာ ဘာစီလိုနာကို (၃-၁)ဂိုးနဲ့ နိုင်ခဲ့ပါတယ်။

အက်သလက်တီကို ၂-၁ ရော့စတော့ဗ် အုပ်စု (D)

ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းက အက်သက်လက်တီကိုအတွက် အဖွင့်ဂိုးနဲ့ အနိုင်ဂိုးတွေကို (၂၈၊ ၉၀+၃) မိနစ်မှာ သွင်းယူခဲ့ပြီး ရော့စတော့ဗ်အသင်းရဲ့ ဂိုးကိုတော့ အော့ဇမွန်က မိနစ် (၃၀) မှာ သွင်းယူခဲ့ပါတယ်။

PSV ၁-၂ ဘိုင်ယန်မြူးနစ် အုပ်စု (D)

ဘိုင်ယန်မြူးနစ်က PSV ကို (၂-၁) နဲ့ နိုင်တဲ့ပွဲမှာ ပိုလန်တိုက်စစ်မှုး ရောဘတ်လီဝန်ဒေါစကီးက ဂိုးနှစ်ဂိုးသွင်းယူပြီး ဒီရာသီ ကလပ်အသင်းနှင့် နိုင်ငံအသင်းအတွက် (၁၇) ပွဲကစားရာမှာ (၁၉) ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။ အုပ်စု (D) မှာတော့ ဘိုင်ယန်မြူးနစ်နှင့် အက်သလက်တီကိုတို့ နှစ်သင်း ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့ပါတယ်။

အုပ်စု (A)
လူဒိုဂိုရတ်စ် ၂-၃ အာဆင်နယ် အုပ်စု (A)
ဘေဆယ် ၁-၂ PSG


အုပ်စု (A) မှာ အာဆင်နယ်အသင်းကတော့ ဘူလ်ဂေးရီးယားမြေမှာ လူဒိုဂိုရတ်စ်အသင်းကို (၃-၂) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အာဆင်နယ်က ပထမပိုင်းမှာ နှစ်ဂိုးနဲ့ရှုံးနေရာကနေ နောက်ကလိုက်ကစားခဲ့ပြီးမှ ပွဲပြီးခါနီးမှာ အိုဇေးလ်ရဲ့သွင်းဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အိမ်ရှင် လူဒိုဂိုရတ်စ်အသင်းက (၁၂) မိနစ်မှာ ကာဖူး၊ (၁၅)မိနစ်မှာ ကီဆာရူတို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်က မိနစ် (၂၀) အရောက်မှာ ဂျက်ကာနဲ့ (၄၂)မိနစ်မှာ ဂျရူးတို့က ချေပဂိုးတွေ ပြန်လည် သွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အာဆင်နယ်က အနိုင်ရဖို့ ဖိကစားလာပါတယ်။ ဒါ့ကြောင့် ပွဲပြီးခါနီး (၈၇) မိနစ်မှာ အိုဇေးလ်က တစ်ကိုယ်တော် အစွမ်းနဲ့ အိုဇေးလ်က လူဒိုဂိုရတ်စ် ဂိုးသမားနဲ့ တစ်ဦးချင်း အတွေ့မှာ ကျော်ဖြတ်ပြီး ထပ်ကာကွယ်တဲ့ နောက်ခံလူ နှစ်ဦးကိုပါ လိမ်ခေါက်ကာ  နောက်တစ်ဆင့်တက်မယ့် အနိုင်ဂိုး သွင်းယူသွားခဲ့ပါတယ်။

အုပ်စု (A) က PSG အသင်းကလည်း ဘေဆယ်အသင်းကို အဝေးကွင်းမှာ နိုင်ပြီး ၁၆ သင်းအဆင့်ကို တက်ရောက်ခဲ့ပါတယ်။

အုပ်စု (C)
မန်စီးတီး ၃-၁ ဘာစီလိုနာ
မိုချန်ဂလာဘတ် ၁-၁ ဆဲလ်တစ်


အုပ်စု (C) မှာ ကစားသွားတဲ့ မန်စီးတီးက ပထမအကျော့ နူးကမ့်ရှုံးနိမ့်မှုကနေ ပြန်လာနိုင်ပြီး အီတီဟတ်ကွင်းမှာ ဘာစီလိုနာကို ထိုက်ထိုက်တန်တန်အနိုင်ရပြီး နောက်တစ်ဆင့်အတွက် စိတ်ချစေခဲ့ပါတယ်။ ပထမပိုင်းမှာတော့ တစ်ဖက်နဲ့တစ်ဖက် တစ်ဂိုး စီသရေကျခဲ့ကြပါတယ်။ မက်ဆီက တန်ပြန်တိုက်စစ်ကနေ နေမာ ပေးပို့မှုကနေတစ်ဆင့် သူ့ရဲ့ ချန်ပီယံလိဂ် ဂိုး (၉၀) မြောက်သွင်းဂိုးကို (၂၁)မိနစ်မှာ သွင်းယူခဲ့ပါတယ်။ (၃၉)မိနစ်မှာတော့ ဘာစီလိုနာ နောက်တန်းလူ ဆာဂျီရောဘတ်တိုအမှားကနေ စတာလင်ရဲ့ ပေးမှုကနေ မန်စီးတီး ကွင်းလယ်လူ ဂန်ဒိုဂန်က ချေပခဲ့ပါတယ်။ ဘာစီလိုနာက ဘောလုံးပိုင်ဆိုင်မှု အသာစီးရပေမယ့် ဒုတိယပိုင်းမှာ ကစားပုံ ပိုကောင်းလာတဲ့ မန်စီးတီးက အနိုင်ဂိုးတွေကို သွင်းယူသွားပါတယ်။ (၅၁) မိနစ်မှာတော့ မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းက ဖရီးကစ်ကတစ်ဆင့် ဦးဆောင်ဂိုးနဲ့ (၇၄)မိနစ်မှာ ဂန်ဒိုဂန်က နောက်တစ်ဂိုး ထပ်မံသွင်းယူကာ (၃-၁)ဂိုးနဲ့ ဘာစီလိုနာကို အနိုင်ရခဲ့ပါတယ်။ ဒါဟာ မန်စီးတီးက ဘာစီလုနာနဲ့ ကစားတဲ့ (၆) ပွဲမှာ ပထမဆုံး အနိုင်ရရှိတာလည်းဖြစ်ပါတယ်။

မန်စီးတီးအုပ်စုတွင်းက မိုချန်ဂလာဘတ်နဲ့ ဆဲလ်တစ်တို့ တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

ချန်ပီယံလိဂ် ရလဒ်များ
အက်သလက်တီကို ၂-၁ ရော့စတော့ဗ်
ဘက်ဆစ်တက် ၁-၁ နာပိုလီ
လူဒိုဂိုရတ်စ် ၂-၃ အာဆင်နယ်
ဘေဆယ် ၁-၂ PSG
PSV ၁-၂ ဘိုင်ယန်မြူးနစ်
ဘင်ဖီကာ ၁-၀ ဒိုင်နမိုကိဗ်
မိုချန်ဂလာဘတ် ၁-၁ ဆဲလ်တစ်
မန်စီးတီး ၃-၁ ဘာစီလိုနာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly