မြန်မာ့လက်ရွေးစင် အလယ်တန်းလူဟောင်း တင်ဝင်းအောင်အား တစ်နှစ်စာချုပ်ဖြင့် ရှမ်းယူနိုက်တက်အသင်း ခေါ်ယူ

မြန်မာ့လက်ရွေးစင် အလယ်တန်းလူဟောင်း တင်ဝင်းအောင်အား တစ်နှစ်စာချုပ်ဖြင့် ရှမ်းယူနိုက်တက်အသင်း ခေါ်ယူ
(ဓာတ်ပုံ - ရှမ်းယူနိုက်တက်)

ရှမ်းယူနိုက်တက် ဘောလုံးအသင်းဟာ မြန်မာ့လက်ရွေးစင် အလယ်တန်းလူဟောင်း တင်ဝင်းအောင်အား တစ်နှစ် စာချုပ်နဲ့ ခေါ်ယူ အားဖြည့်လိုက်တယ်လို့ ရှမ်းယူနိုက်တက်က နိုဝင်ဘာလ ၁ ရက်နေ့က ကြေညာထားပါတယ်။

ဇွဲကပင်ယူနိုက်တက်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီး ရှမ်းပြည်နယ် ကိုယ်စားပြုအသင်းသို့ ရောက်ရှိလာသူ တင်ဝင်းအောင်ဟာ နောက်ချန် တိုက်စစ်မှုးနှင့် ကွင်းလယ်ဖန်တီးရှင် နေရာတို့မှာ အကောင်းဆုံး ကစားနိုင်တဲ့အပြင် လိုအပ်ပါက ညာတောင်ပံလူအဖြစ်လည်း ကစားနိုင်သူဖြစ်ပါတယ်။

"ကျနော်ကတော့ ကိုယ်ရောက်နေတဲ့ အသင်းအတွက် အကောင်းဆုံး ကစားမှာပဲ။ တစ်ပွဲချင်းစီ အာရုံစိုက် ကစားမယ်၊ အများကြီး မစဉ်းစားဘူး"လို့ အလယ်တန်းလူ တင်ဝင်းအောင်က ဆိုပါတယ်။

အသက် ၂၆ နှစ်အရွယ် တင်ဝင်းအောင်ဟာ မန္တလေး အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းဆင်း တစ်ဦးဖြစ်ပြီး ရန်အောင်ဝင်း (ဇေယျာရွှေမြေ)၊ ကျော်ကိုကို (ရန်ကုန်ယူနိုက်တက်) တို့နှင့်အတူ ဘောလုံးပညာ ဆည်းပူးခဲ့သူဖြစ်ပါတယ်။

၎င်းနောက် အပျော်တမ်းမြန်မာ့ဘောလုံးခေတ်တွင် Air Bagan FC မှာ စတင်ကစားခဲ့ပြီး ပရောက်ဖက်ရှင်နယ်အဆင့်သို့ ကူးပြောင်းပြီးနောက် ရန်ကုန်ယူနိုက်တက် (၂၀၀၉-၂၀၁၀)၊ ချင်းယူနိုက်တက် (၂၀၁၃)၊ ဇွဲကပင်ယူနိုက်တက် (ပထမအကြိမ် - ၂၀၁၄၊ ဒုတိယအကြိမ် ၂၀၁၆)၊ ရတနာပုံ (၂၀၁၅) တို့တွင် ကစားခဲ့ပါတယ်။

"ကျနော်က အမှတ်ပေးဖလား မရဖူးဘူး။ အမှတ်ပေးဖလားတော့ လိုချင်တယ်။ လက်ရှိ ရှမ်းအသင်း လူအင်အားက အားနည်းတဲ့အထဲမှာ လုံးဝ မပါဘူး။ ကျနော်တို့အသင်း ကြိုးကြိုးစားစား ကစားရင် အများကြီး ဖြစ်နိုင်ပါတယ်"လို့ တင်ဝင်းအောင်က ပြောပါတယ်။

ရှမ်းယူနိုက်တက်အသင်းဟာ ဇေယျာရွှေမြေအသင်းမှ နန်းမင်းအောင်နှင့် ဖြိုးပိုင်စိုး၊ ဧရာဝတီယူနိုက်တက်အသင်းမှ ခရစ္စတိုဖာတို့ကို ခေါ်ယူထားပြီးဖြစ်ပါတယ်။

တင်ဝင်းအောင်ဟာ ၂၀၀၄ ခုနှစ်ကတည်းက အသက် ၁၃ နှစ်အောက် မြန်မာ့လက်ရွေးစင်အသင်းတွင် ပါဝင်ခဲ့သူဖြစ်ပြီး၊ ၂၀၁၄ ခုနှစ်တွင် မြန်မာ့လက်ရွေးစင်အသင်းအတွက် နောက်ဆုံး ကိုယ်စားပြု ပါဝင်ခဲ့ပါတယ်။

လက်ရှိအချိန်တွင် တင်ဝင်းအောင်သည် ရှမ်းယူနိုက်တက်အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းလျက် ရှိတယ်လို့ သိရပါတယ်။

Source: Shan United FC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly