ဧရာဝတီယူနိုက်တက် တိုက်စစ်မှူး ခရစ္စတိုဖာအား ရှမ်းယူနိုက်တက် ခေါ်ယူ

ဧရာဝတီယူနိုက်တက် တိုက်စစ်မှူး ခရစ္စတိုဖာအား ရှမ်းယူနိုက်တက် ခေါ်ယူ
(ဓာတ်ပုံ - ရှမ်းယူနိုက်တက်)

၂၀၁၇ မြန်မာနေရှင်နယ်လိဂ်  ရာသီအတွက် အောင်မြင်မှုများရရှိရန် ပြင်ဆင်နေတဲ့ ရှမ်းပြည်နယ် ကိုယ်စားပြု ရှမ်းယူနိုက်တက်ဘောလုံးအသင်းဟာ ဧရာဝတီယူနိုက်တက်ကစားသမားဟောင်း နိုက်ဂျီးရီးယား တိုက်စစ်မှူး ခရစ္စတိုဖာကို အပြီးသတ်စာချုပ်ချုပ်ဆို ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။

ခရစ္စတိုဖာဟာ အူရီးဒူးမြန်မာနေရှင်နယ်လိဂ် ၂၀၁၆ ခုနှစ်မှာ ဧရာဝတီယူနိုက်တက်အသင်းအတွက် ဂိုးပေါင်း (၁၆) ဂိုးသွင်းယူပေးခဲ့ပြီး ဂိုးသွင်းအများဆုံးဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။

အသက် (၂၇) နှစ်အရွယ် ခရစ္စတိုဖာမှာ မြန်မာနေရှင်နယ်လိဂ်သို့ ပြောင်းရွှေ့မကစားမီက အိန္ဒိယလိဂ် (I-League) ကလပ်အသင်းတစ်သင်းဖြစ်တဲ့ မိုဟမ်ဘာဂမ်မှာ ကစားခဲ့ဖူးပါတယ်။

“ရှမ်းယူနိုက်တက်ကို ပြောင်းရွှေ့လာရတာက ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ။ ဒီအသင်းက အခုလာမယ့်နှစ်မှာ အောင်မြင်မှုရဖို့ ရည်မှန်းချက်ထားပြီး စီမံအုပ်ချုပ်မှုပိုင်း၊ ဝန်ထမ်းပိုင်း၊ နည်းပြပိုင်းကစပြီး ပြင်ဆင်နေသလို၊ ကစားသမားပိုင်းမှာလည်း ပြည်တွင်းကစားသမားကောင်းတွေ အတော်များများရှိနေပါတယ်။”လို့ အသင်းပြောင်းရွှေ့လာရတာနဲ့ ပတ်သက်လို့ ခရစ္စတိုဖာက ပြောပါတယ်။

“ဒီရာသီမှာတော့ ကျနော်တို့ မျှော်မှန်းနေတဲ့ အောင်မြင်မှုကို ရမယ်ဆိုတာ ကျနော် သံသယမရှိပါဘူး။ ကျနော့်အနေနဲ့ကတော့ အကောင်းဆုံး စွမ်းဆောင်သွားမယ်ဆိုတာ ကတိပေးနိုင်ပါတယ်။ ဒီအသင်းကို ခေါ်ယူခဲ့တဲ့ အသင်းရဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။”လို့ ခရစ္စတိုဖာက ပြောပါတယ်။

ခရစ္စတိုဖာရဲ့ စာချုပ်သက်တမ်းမှာ (၁) နှစ်ဖြစ်ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့မှ ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၃၁) ရက်နေ့အထိဖြစ်တယ်လို့ ရှမ်းယူနိုက်တက်အသင်းက ဖော်ပြထားပါတယ်။

Source: Shan United FC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required