ခွေးတောက်ရွက် စိုက်ပျိုးခြင်း

01 November 2016
ခွေးတောက်ရွက် စိုက်ပျိုးခြင်း

စိုက်ပျိုးရေးအစီအစဉ်ကနေ ကြိုဆိုပါတယ်။ အခု ကျွန်တော်တို့အဖွဲ့သားတွေ ရောက်ရှိနေတဲ့ နေရာကတော့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရဲ့ ခိုးစုကျေးရွာမှာပဲ ဖြစ်ပါတယ်။ ဒီမှာကတော့ ကျွန်တော် ရောက်ရှိနေတာကတော့ ခွေးတောက် စိုက်ခင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ကျွန်တော်တို့က ခွေးတောက်ပင်ဆိုလို့ရှိရင် အနွယ်တွေနဲ့ ခြုံတွေပေါ်မှာပဲ တွေ့ရှိရတတ်ပြီး အခုချိန်မှာဆိုရင်တော့ ဒီ ခွေးတောက်ပင်ကို စနစ်တကျနဲ့ အခုလိုမျိုး တန်းစီပြီးတော့ စိုက်ပျိုးနေတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့်မို့ ဒီ ခွေးတောက်ပင်ကို ဘယ်လိုစိုက်သလဲ ဒီ ခွေးတောက်ပင်ရဲ့ အကြောင်းအရာတွေကို ကြည့်ရှုနေသူများ သိရှိဖို့အတွက် ကျွန်တော်တို့က ဒီမှာရှိနေတဲ့ တောင်သူကြီးတွေနဲ့ တွေ့ဆုံပြီးတော့ မေးမြန်းသွားမှာ ဖြစ်ပါတယ်။

ခွေးတောက်ပင်တွေကတော့ မြန်မာနိုင်ငံ အနှံ့အပြားမှာ စိုက်ပျိုးလို့ရနိုင်ပါတယ်။ သဲဆန်တဲ့ မြေဆိုရင်တော့ ပိုမိုဖြစ်ထွန်းပါတယ်။ အပင်ကိုတော့ အစေ့ကနေ စိုက်ပျိုးရတာဖြစ်ပြီးတော့ မျိုးစေ့တွေကို ပျိုးပြီး အပင်ပေါက် တစ်လခွဲရတဲ့အချိန်မှာ ရွှေ့ပြောင်း စိုက်ပျိုးပေးရမှာလည်း ဖြစ်ပါတယ်။ ခွေးတောက်ပင်တွေကို စိုက်ပျိုးမယ့် ဘောင်တွေကိုတော့ ၆ လက်မခန့် အမြင့်ထားပြီး တစ်ဘောင်နဲ့တစ်ဘောင်ကိုတော့ နှစ်ပေခန့် ခွာထားပေးရမှာပါ။ တစ်ပင်နဲ့တစ်ပင်ကိုတော့ ၁ ပေခန့် ခွာပြီး စိုက်ပျိုးပေးရမှာပါ။ စိုက်ပျိုးပြီး တစ်လသားအရွယ်မှာတော့ နွးချေး ကြက်ချေး စတဲ့ မြေသြဇာတွေကို ကြွေးပေးရမှာပါ။ သုံးလသားအရွယ်မှာတော့ အညွှန့်များကို စတင် ခူးဆွတ်နိုင်တာလည်း ဖြစ်ပါတယ်။ အညွန့်များကိုတော့ ၃ ရက်တစ်ကြိမ် ခူးဆွတ်နိုင်တာလည်း ဖြစ်ပါတယ်။ ပေါင်းပင်များကိုလည်း ရှင်းလင်းပေးရမှာပါ။ ပေါင်းမြတ်များကို ရှင်းလင်းပေးခြင်းအားဖြင့် အညွန့်များကို သန်မာစေပြီးတော့ ရောဂါပိုး ကျရောက်မှုကိုလည်း ကာကွယ်နိုင်ပါတယ်။

အဓိက ကျရောက်တက်တဲ့ ရောဂါပိုးတွေကတော့ ပြပိုး၊ ပိုးတုံးလုံး၊ ရွက်လိတ်ပိုးတွေပဲ ဖြစ်ပါတယ်။ ခွေးတောက်ပင်ဟာ နှစ်ရှည်ပင်ပဲ ဖြစ်ပါတယ်။ အရင်တုန်းကတော့ ခွေးတောက်ပင်တွေကို အရိုင်းပင်တွေက ခူးဆွတ်လို့ ရတဲ့အတွက် ရှားပါးပြီး စီးပွားဖြစ် ရောင်းချတာမျိုးကိုတော့ မတွေ့ရပါဘူး။ ဒါပေမယ့် အခုခါမှာတော့ ခွေးတောက်ပင်တွေကို စနစ်တကျ စိုက်ပျိုးလာတဲ့အတွက် ဟင်းသီးဟင်းရွက် ဈေးကွက်မှာ ခွေးတောက်ရွက်ကိုလည်း တွေ့မြင်နေရပါပြီ။

ဟုတ်ကဲ့ပါခင်ဗျာ။ အခုဆိုရင် ဒါက ဖြစ်ထွန်းနေတဲ့ ခွေးတောက်ပင်တွေပဲဖြစ်ပါတယ်။ ဒီ်ခွေးတောက်ပင်ကို အဓိက ကျွန်တော်တို့က အညွန့်တွေ များများဖြစ်လာအောင်ဆိုရင်တော့ ခူးတဲ့နေရာမှာ အရမ်း သတိထားပေးရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဖြတ်လိုက်တဲ့ ကိုင်းတွေက အပေါ်ကိုရောက်မယ်ဆိုရင် အညွန့်တွေက သိပ်ပြီးတော့ သန်မှာ မဟုတ်တော့ဘူး။ အများကြီးလည်း ထွက်လာမှာမဟုတ်ဘူး။ အဲတော့ ကျွန်တော်တို့က ခူးတဲ့အခါမှာ အောက်ခြေမှာရှိတဲ့ နှစ်တက် သုံးတက်လောက်ကို ချန်ပြီးတော့ ညှပ်ပေးမယ်ဆိုရင်တော့ အဲဒီကနေပြီးတော့မှ အကိုင်းအခက်တွေ အများကြီး ထွက်လာမယ်ဆိုရင် အညွန့်တွေ အများကြီးရမှာ ဖြစ်ပါတယ်။

ခွေးတောက်ပင်ဟာ အခြား ဟင်းသီးဟင်းရွက်များလို အနုမစိပ်ပဲ အကြမ်းခံတဲ့ အပင်အမျိုးအစား ဖြစ်တဲ့အပြင် သုံးရက်ကို တစ်ကြိမ် ခူးဆွတ်ရတဲ့အတွက် ခွေးတောက်ကို စိုက်ပျိုးခြင်းအားဖြင့် ဝင်ငွေ တိုးပွားစေပါတယ်။ အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို ခွေးတောက်ရွက်ဟာ လေထိုးလေအောင့်ရောဂါ လေဖြတ်ရောဂါတို့ကို ပျောက်ကင်းစေနိုင်ပါတယ်။ ဝမ်းတွင်းမှာရှိတဲ့ အဆိပ်အတောက်တွေကိုလည်း ပြေစေနိုင်ပါတယ်။ ခွေးတောက်ရွက်ကို သကြားနဲ့ ရောထောင်းပြီး အဆစ်လွဲတဲ့နေရာ အဆစ်ကိုက်တဲ့နေရာတွေကို အုံပေးမယ်ဆိုရင်တော့ အမြန်ဆုံး သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ ခွေးတောက်ရွက်မှာ သံဓာတ်နဲ့ အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ ထန်းရည်၊ အရက်တွေကို ကြာရှည်စွာ သောက်သုံးတဲ့သူများအတွက်ကတော့ ခွေးတောက်ရွက်ကို ကြက်သားနဲ့ စွပ်ပြုတ်၊ ဒါမှမဟုတ်ရင် ချက်ပြီးတော့ စားခြင်းအားဖြင့် ကိုယ်တွင်းမှာရှိတဲ့ အဆိပ်အတောက်ကိုလည်း ပျောက်ကင်းစေမှာလည်း ဖြစ်ပါတယ်။

ကျွန်တော်တို့ အဖွဲ့သားတွေကတော့ ဒီ ခွေးတောက်ရွက် ဘယ်လိုစိုက်ပျိုးလဲဆိုတာကို သွားရောက် လေ့လာပြီးပြီ ဖြစ်တဲ့အတွက် ဒီ ခွေးတောက်ရွက်နဲ့ ပတ်သက်ပြီးတော့မှာ ဘယ်လို ချက်ပြုတ် စားသုံးသလဲဆိုတာကို ကျွန်တော်တို့ သွားရောက် လေ့လာမှာပဲ ဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့ ကြက်ခွေးတောက်ကတော့ အားလုံးလည်း သိတဲ့အတိုင်း နာမည်ကြီး အစားအစာတစ်ခု ဖြစ်ပါတယ်။ အဲတော့ ကြက်ခွေးတောက်ကို ဘယ်လို ချက်ပြုတ် စားသုံးရမလဲဆိုတာကို ကျွန်တော်တို့ လေ့လာမယ်။ နောက်တစ်ခါ ကြက်ခွေးတောက်ရဲ့ အာနိသင်ကတော့ အရက်တို့ ထန်းရည်တို့ကို တစ်နှစ်ပတ်လုံး သောက်နေတဲ့သူတွေအတွက် ကြကခွေးတောက်ကို မဖြစ်မနေ ချက်ပြုတ် စားသုံးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြကခွေးတောက်ကို ချက်ပြုတ် စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်ကို ပြေစေနိုင်တဲ့အတွက် ချက်စားသင့်ပါတယ်။ ပြီးတော့ ကုန်ကျစရိတ်ကလည်း အများကြီး မရှိပါဘူး။ ကုန်ကျစရိတ် နည်းနည်းနဲ့ အရသာရှိတဲ့ ဟင်းလျာတစ်ခု ဖြစ်တဲ့အတွက် ချက်ပြုတ် စားသုံးသင့်ပါတယ်ခင်ဗျာ။

ကြက်ခွေးတောက်ဟင်းချို ချက်မယ်ဆိုရင်တော့ လိုအပ်တဲ့ ပစ္စည်းတွေက ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းအနည်းငယ်နဲ့ ကြက်သား၊ ခွေးတောက်ရွက်တို့ပဲ ဖြစ်ပါတယ်။ ပထမဦးစွာ   ခွေးတောက်ရွက်တွေကို ရေစင်စင်ဆေးပြီး ပါးပါးလှီးပေးရမှာပါ။ လှီးပြီးသား ခွေးတောက်ရွက်တွေကိုတော့ ရေစိမ်ပေးထားရမှာပါ။ ကြက်သား ဒါမှမဟုတ် ကြက်အရိုးကို ဂျင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ရောပြီး အရင်ဆုံး နူးအောင် ပြုတ်ထားပေးရမှာပါ။ ကြက်သားနူးပြီး ရေပွတ်ပွတ် ဆူလာရင်တော့ ရေစိမ်ထားတဲ့ ခွေးတောက်ရွက်တွေကို ထည့်ပေးရမှာပါ။ ပြီးရင်တော့ ကြက်ခွေးတောက် စွပ်ပြုတ်ကို ရရှိမှာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly