အင်တာမီလန်၏ အဓိက ပြဿနာမှာ စိတ်ဓာတ်ပိုင်းဟု နည်းပြ ဒီဘိုးဝါး ပြော

အင်တာမီလန်၏ အဓိက ပြဿနာမှာ စိတ်ဓာတ်ပိုင်းဟု နည်းပြ ဒီဘိုးဝါး ပြော

အောက်တိုဘာ ၃၁၊ အီတလီ ။             ။ ဆမ်ဒိုးရီးယားအသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက်တွင် အင်တာမီလန်အသင်းနည်းပြ ဖရန့်ဒီဘိုးဝါးက ၎င်းတို့အသင်း၏ အဓိက ပြဿနာမှာ စိတ်ဓာတ်ပိုင်းဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ထိုပွဲစဉ်တွင် ရှုံးနိမ့်ခဲ့ရသည့်အတွက် ဒီဘိုးဝါးမှာ အလွန်စိတ်ဆိုးဒေါသထွက်လျက်ရှိသည်။ စီးရီးအေပွဲစဉ် ၁၁ ပွဲတွင် ငါးပွဲမြောက်ရှုံးပွဲဖြစ်ပြီး နောက်ဆုံးငါးပွဲတွင် လေးပွဲရှုံးနိမ့်ခဲ့ရခြင်းအတွက် ဒီဘိုးဝါးမှာ အလွန်ဖိအားများသွားခဲ့ရပြီ ဖြစ်သည်။

‘ကျွန်တော်အရမ်းစိတ်ပျက်မိပါတယ်။ ပထမပိုင်းမှာ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှ အစစ်အမှန်ဘောလုံးကစားနိုင်ခဲ့တာပါ။ ကျွန်တော်လိုချင်တဲ့ ပုံစံအတိုင်း ၄၅ မိနစ်ထက်ပိုပြီး ဘာကြောင့် မကစားနိုင်သလဲဆိုတာ နားမလည်နိုင်ပါဘူး။ အသင်းက အနိုင်ရဖို့အတွက် လုံလောက်တဲ့ ယုံကြည်မှုမရှိဘူး ဖြစ်နေပါတယ်။

ကစားသမားအများစုက မှန်ကန်တဲ့စိတ်ဓာတ်နဲ့ မကစားနိုင်တာတွေ့ရပါတယ်။ ဒါကို ဒီပွဲမတိုင်ခင်ကလည်း ကျွန်တော်တို့ ဆွေးနွေးခဲ့ပါသေးတယ်။ အဓိက ပြဿနာကတော့ စိတ်ဓာတ်ပိုင်းပါပဲ။ ကျွန်တော်တို့မှာ အရည်အချင်းရှိတဲ့ ကစားသမားအများကြီးရှိပါတယ်။ ဒါပေမဲ့ မှန်ကန်ပြင်းပြတဲ့ စိတ်ဓာတ်နဲ့ မကစားနိုင်တာကို ဒီပွဲရဲ့ ပထမပိုင်းမှာ တွေ့ခဲ့ရပါတယ်။

ပထမပိုင်းအပြီး အဝတ်လဲခန်းထဲမှာ ဒါကို ပြောပြခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကွဲပြားခြားနားတဲ့ အသင်းကို တွေ့ခဲ့ရပါတယ်’ ဟု ဒီဘိုးဝါးက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဖွတ်ဘော အီတာလီယာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required