ဘန်လေနှင့်ပွဲတွင် ထုတ်ပယ်ခံရသည့် မော်ရင်ဟို ပွဲပယ်ပြစ်ဒဏ်ကျခံရဖွယ်ရှိ

ဘန်လေနှင့်ပွဲတွင် ထုတ်ပယ်ခံရသည့် မော်ရင်ဟို ပွဲပယ်ပြစ်ဒဏ်ကျခံရဖွယ်ရှိ

အောက်တိုဘာ ၃၀၊ အင်္ဂလန် ။            ။ ဘန်လေအသင်းနှင့် ဂိုးမရှိသရေကျခဲ့သည့်ပွဲတွင် မန်ယူနည်းပြမော်ရင်ဟိုသည် ဒိုင်လူကြီး ကတ်လတန်ဘတ်ကို ဥမင်လှိုဏ်ခေါင်းအတွင်း   ဝေဖန်ပြောဆိုခဲ့သောကြောင့်  ပွဲပယ်ပြစ်ဒဏ်ကျခံရဖွယ်ရှိနေသည်။

ထိုပွဲစဉ်တွင် ကွင်းလယ်ဒိုင် ကတ်လတန်ဘတ်က မန်ယူအသင်းကို ပင်နယ်တီပေးရန် ငြင်းဆန်ခဲ့ခြင်းနှင့် ဟာရဲရားကို ထုတ်ပယ်ခဲ့ခြင်းတို့အပြင် အငြင်းပွားဖွယ်ဆုံးဖြတ်ချက်တစ်ချို့ ချခဲ့သောကြောင့်   မော်ရင်ဟိုမှာ မကျေမနပ်ဖြစ်ပြီး စောဒကတက်ဝေဖန်ခဲ့ရာ နည်းပြခုံတန်းမှ ပွဲကြည့်စင်သို့သွားရန် ညွှန်ကြားခံခဲ့ရသည်။

ယခုကဲ့သို့ ထုတ်ပယ်ခံရခြင်းသည် မော်ရင်ဟို၏နည်းပြသက်တမ်းတစ်လျှောက်တွင် ၁၃ ကြိမ်မြောက်ဖြစ်ပြီး မန်ယူနည်းပြအဖြစ် ပထမဆုံး အထုတ်ခံရခြင်း ဖြစ်သည်။

လီဗာပူးလ်နှင့် သရေကျခဲ့သော ပွဲတွင်လည်း မော်ရင်ဟိုမှာ ဒိုင်လူကြီး အန်တိုနီတေလာကို ဝေဖန်ခဲ့သောကြောင့် စွဲချက်တင်ခံထားရပြီး ဖြစ်သည်။

မော်ရင်ဟိုသည် အင်္ဂလန်ကို စတင်ရောက်ရှိသည့် ၂၀၀၅ ခုနှစ်ကတည်းက ဖာဂူဆန်မှာ ဒိုင်လူကြီးများအပေါ်စိုးမိုးလွန်းသည်ဟု ပြောဆိုခဲ့သောကြောင့် ဒဏ်ငွေ ပေါင် ၅၀၀၀ ဒဏ်ရိုက်ခံခဲ့ရသူ ဖြစ်သည်။ သူ၏နည်းပြသက်တမ်းတစ်လျှောက်တွင် ဒိုင်လူကြီးများ၊ ပြိုင်ဘက်နည်းပြများနှင့် ပြဿနာများစွာဖြစ်ပွားခဲ့သူ ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly