ထိုင်းနိုင်ငံ၌ ကာရာအိုကေ ဧည့်ကြိုမိန်းကလေးအား သတ်ဖြတ်မှုဖြင့် မြန်မာအမျိုးသားတစ်ဦးကို ဖမ်းဆီးထား

ထိုင်းနိုင်ငံ၌ ကာရာအိုကေ ဧည့်ကြိုမိန်းကလေးအား သတ်ဖြတ်မှုဖြင့် မြန်မာအမျိုးသားတစ်ဦးကို ဖမ်းဆီးထား

ထိုင်းနိုင်ငံတွင် လူသတ်မှုဖြင့် စွပ်စွဲခံထားရသည့် မြန်မာအမျိုးသားတစ်ဦးက ကာရာအိုကေဧည့်ကြိုမိန်းကလေးအား ညဖက် ၎င်းနှင့်အတူနေရန် ခေါ်သည်ကို ငြင်းဆန်၍ ဒေါသဖြစ်ကာ သားမယားအဖြစ် ပြုကျင့်ပြီး လည်ပင်းညှစ်သတ်ဖြတ်ခဲ့မိသည်ဟု ဝန်ခံခဲ့ကြောင်း ရဲက အောက်တိုဘာ ၂၉ ရက်၌ ပြောသည်။

ကာရာအိုကေဧည့်ကြိုမိန်းကလေးဖြစ်သူ Prakarak Promkhot သေဆုံးခဲ့ပြီး နှစ်ရက်မြောက်နေ့ အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက ဘန်ဆာဖန်ခရိုင်ရှိ ရော်ဘာစိုက်ခင်းတွင် အလုပ်လုပ်သော  အသက် ၄၀ အရွယ် မြန်မာအမျိုးသားဖြစ်သည့် Wae Khuewae အား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၂၇ ရက်က အသက် ၂၂ နှစ်အရွယ် ကာရာအိုကေဧည့်ကြိုမိန်းကလေးအား ဟိုတယ်တစ်ခုရှိ အခန်းတစ်ခန်းတွင် သေဆုံးလျက် တွေ့ရှိခြင်းဖြစ်သည်။ ဟိုတယ်ဝန်ထမ်းက ဒဏ်ရာအညိုအမဲဖြင့် ကိုယ်လုံးတီး သေဆုံးနေသော Prakarak Promkhot အား စတင်တွေ့ရှိခြင်းဖြစ်သည်။

စကားပြန်ကတစ်ဆင့် Wae အား မေးမြန်းရာတွင် အောက်တိုဘာ ၂၇ ရက်ညက ကာရာအိုကေဘားတွင် ဘီယာသောက်ခဲ့ကြောင်း၊ လိင်ပျော်ပါးရန်အတွက် Prakarak ထံ ချည်းကပ်ရာ တစ်ညနေရန် သဘောတူသဖြင့် ဘတ် ၁၈၀၀ ဖြင့် ဟိုတယ်အခန်း ငှားရမ်းခဲ့ကြောင်း ထွက်ဆိုသည်။

လိင်ဆက်ဆံပြီးနောက် Parkarak က စိတ်ကြွဆေးပြား ဝယ်မည်ဆို၍ ဘတ် ၅၀၀ ထုတ်ပေးခဲ့ရာ ဆေးပြားသုံးပြား ဝယ်ပြီး ပြန်လာခဲ့ကြောင်း ဖမ်းဆီးထားသူက ဖြောင့်ချက်ပေးသည်ဟု ရဲက ပြောသည်။

Parkarak က ဆေးပြားတစ်ပြား သူ့အား တိုက်သော်လည်း ငြင်းခဲ့ပြီး နောက်ထပ်ပျော်ပါးရန်သာ တောင်းဆိုခဲ့ကြောင်း၊ ယင်းအချိန်တွင် ဖုန်းလာရာ Parkarak ၏ ရည်းစားဖြစ်သူထံမှ ဖုန်းဖြစ်သည်ထင်ကြောင်းလည်း ၎င်းကဆိုသည်။

ယင်းနောက်တွင် Parkarak က ဆက်မနေလိုကြောင်း ပြောရာမှ ဒေါသထွက်ကာ စကားများ ရန်ဖြစ်ခဲ့ကြသည်။ နောက်တွင် Parkarak အား အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ၎င်းက အော်ဟစ်အကူအညီတောင်းသဖြင့် လည်ပင်းကို ညှစ်ထားမိကြောင်း Wae က ထွက်ဆိုသည်။

Parkarak မလှုပ်ရှားတော့သည်ကို မြင်တွေ့မိမှ ကြောက်လန့်ကာ ထွက်ပြေးခဲ့ကြောင်း၊ ၎င်းအနေဖြင့် အမျိုးသမီးတစ်ဦးကို ယခင်က သတ်ဖြတ်ခဲ့ဖူးခြင်းလည်း မရှိကြောင်း ပြောကာ လုပ်ခဲ့မိသည့် သူ့၏ လုပ်ရပ်အတွက် နောင်တရ၍ လွတ်မြောက်ရန်လည်း မကြိုးစားတော့ပါကြောင်း Wae က ပြောခဲ့သည်ဟု ရဲဌာနက ဆိုသည်။

အောက်တိုဘာ ၂၉ ရက်တွင် ရဲဌာနက Wae အား ကာရာအိုကေဆိုင်နှင့် ဟိုတယ်သို့ ခေါ်ဆောင်ကာ အမှုကျုးလွန်သည်ကို ပြန်လည်သရုပ်ပြခိုင်းခဲ့သည်။ စိတ်ဆိုးဒေါသထွက်နေကြသော   သေဆုံးသူ၏ ဆွေမျိုးအသိုင်းအဝန်းနှင့် ဒေသခံများက Wae အား ကိုယ်ထိလက်ရောက် ကျုးလွန်ကြခြင်းမရှိကြရန် ရဲအစောင့်အကြပ် အင်အား ၅၀ ဖြင့် ကာကွယ်ပေးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required