စစ်ဘေးသင့် ပြည်သူများကို ဘယ်လို ကူညီကြမှာလဲ

စစ်ဘေးသင့် ပြည်သူများကို ဘယ်လို ကူညီကြမှာလဲ

ယခုရက်ပိုင်းအတွင်း ထိုင်းမြန်မာနယ်စပ် မြဝတီ ကော့ကရိတ် ကားလမ်းသစ်ပေါ်မှာ ယခင် ဒီကေဘီအေ ကရင်လက်နက်ကိုင် တပ်တွေနဲ့အစိုးရတပ်တွေ တိုက်ပွဲတွေ ပြန်ဖြစ်လာကြပြန်တာ အားလုံးအသိပါပဲ။ ဒီကြားထဲ ကချင်ပြည်နယ်မှာလည်း တိုက်ပွဲတွေ ကြိုကြားကြိုကြား ဆက်တိုက် ဆိုသလိုပဲ ဖြစ်နေဆဲပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၅ ရွေးကောက်ပွဲကြီးကတော့ နောက်သုံးလဆိုရင် ကျင်းပပါတော့မယ်။ သေနတ်သံတွေ ကြားနေရတဲ့ အခြေအနေတစ်ခုအောက်မှာ ရွေးကောက်ပွဲ ကျင်းပရတော့မယ့် သဘောများ လား။ စဉ်းစားစရာပါပဲ။

တကယ်တော့ ရွေးကောက်ပွဲ ဆိုတာမျိုးက လွတ်လပ်ပြီး တရားမျှတမှု အခြေအနေမျိုးမှာ ကျင်းပကြရတာ ပါ။ တိုင်းပြည် တည် ငြိမ်အေးချမ်းမှ အမှန်တကယ် အပြည့်အဝ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင် တာပါ။ ဒါပေမယ့် မိမိတို့တိုင်းပြည် မိမိတို့လူမျိုး ဝဋ်နာ ကံနာလို့ပဲ ဆိုရမလားပါပဲ။ ရွေးကောက်ပွဲက သေနတ်သံ တွေ ကြိုကြားကြိုကြား ကြားနေရတဲ့ အချိန်မျိုးမှာမှ ကျင်းပကြရမယ့်သဘောပါပဲ။

စစ်ပွဲတွေရယ်လို့ ဖြစ်လာရင် စစ်ပွဲဖြစ်ပွားရာ နေရာဒေသက အပြစ်မဲ့တဲ့ ပြည်သူတွေ မလုံခြုံတော့ပါဘူး။ လူတွေဟာ ကိုယ့်အိုး ကိုယ့်အိမ်များကို မစွန့်ခွာချင်ပါဘဲ စွန့်ခွာပြီး လုံခြုံရာ ရှာကြရပါတယ်။ အခုဆိုရင် ထိုင်း မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု အဓိကကျတဲ့ ကားလမ်းမကြီးပေါ်ကို စစ်ကားကလွဲပြီးအရပ်သားကားတွေ မသွားဝံ့မလာဝံ့ ဖြစ်ကြရ ပါတယ်။နှစ်နိုင်ငံ ကုန်သွယ်မှုလမ်းကြောင်း ကြီး ရပ်ထားရပါတယ်။ ဒေသခံ ကရင်တိုင်းရင်းသား တွေဟာ နီးစပ်ရာ လုံခြုံမယ် ထင်ရတဲ့ နေရာတွေဆီ ပြေးကြရပါတယ်။

တစ်ဆက်တည်းဆိုသလိုပဲ သားသမီးတွေ ပညာရေး ထိခိုက်ကြရပါပြီ။ စိုက်ခင်းတွေ ဒီအတိုင်း စွန့်ပစ်ထားခဲ့ကြရပါပြီ။ ကျန်းမာရေးတွေ ထိခိုက်ကြရပါပြီ။ အဆိုးဝါးဆုံး ထိခိုက်မှုကတော့ တိုင်းရင်းသား သွေးစည်းညီညွတ်မှု စိတ်ဓာတ်နဲ့ အမျိုးသားပြန် လည် ရင်ကြားစေ့ ရေးကိစ္စ သဲထဲရေသွန် ဖြစ်ကြရပါပြီ။

တကယ်တော့ ညီညွတ်ရေးကို သွေးနဲ့ ခင်းပြီး တည်ဆောက်လို့ မရနိုင်ပါဘူး။ အပြန်အလှန် ယုံကြည်မှုကို သေနတ်တွေနဲ့ တည်ဆောက်လို့ မရနိုင်ပါဘူး။ အပြန်အလှန် အသိအမှတ်ပြုမှု လေးစားမှုကို မသင်္ကာစိတ်တွေ မုန်းတီးမှုတွေနဲ့ တည်ဆောက်လို့ မရနိုင်ပါဘူး။ တိုက်ပွဲတွေ ကြာရှည်လာတာနဲ့အမျှ စိတ်ဝမ်းကွဲမှုတွေ ပိုဖြစ်လာပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒေသခံပြည်သူ စစ်ဘေးသင့်မှုကလည်း ကြီးထွားလာတော့မှာ အသေအချာပါပဲ။

ဝမ်းနည်းဖို့ ကောင်းတဲ့အချက်က တစ်ဘက်နဲ့ တစ်ဘက် မတတ်သာလို့ ပစ်ကြ ခတ်ကြရတယ် ဆိုတာထား၊ တိုက်ပွဲတွေဖြစ်လာ လို့၊ စစ်ပွဲတွေ ကြာရှည်လာလို့ စစ်ပွဲများရဲ့ အကျိုးဆက်ဖြစ်တဲ့ စစ်ဘေးဒဏ်သင့် ပြည်သူတွေကို ဘယ်လို ကူညီမှုတွေ၊ ဘယ်လိုစောင့်ရှောက်မှုတွေ ချက်ချင်း အပြည့်အဝ ဆောင်ရွက်မယ်ဆိုတဲ့ စီမံချက် ဘယ်ဘက်မှာမှ မရှိတဲ့အချက်ဟာ နားမလည်နိုင်အောင် ပါပဲ။ ပိုပြီးဆိုးဝါးတဲ့အချက်က ကိုယ်က မကူညီ နိုင်သည်ထား၊ မစောင့်ရှောက်နိုင်သည်ထား ကူညီမယ့်သူ စောင့်ရှောက်မယ့်သူ ပေါ်ပေါက်လာရင်လည်း အသာတကြည်လက်ခံပြီး အကူအညီ ပေးရမယ်ဆိုတဲ့ တာဝန်ခံမှု အစီအစဉ်တွေလည်းပဲ မရှိကြတာတွေ့ရပါတယ်။

အခုဆိုရင် ကိုယ့်ပြည်မှာရယ်လို့မဟုတ် ကမ္ဘာတဝှမ်းမှာ အိုးအိမ်စွန့်ခွာကြသူ အရေအတွက် ဟာ သန်း ၆၀ ခန့် ရှိနေပြီလို့ ကုလသမဂ္ဂရဲ့ ၂၀၁၄ ခု အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ ကမ္ဘာတစ်လွှား တစ်နေ့တစ်နေ့ အိုးအိမ် စွန့်ခွာရသူ အရေအတွက် ကနေ့စဉ် သုံးသောင်းနှစ်ထောင်ကျော် ရှိတယ်လို့ လည်း ဆိုပါတယ်။ ဒါကတော့ ကုလ သမဂ္ဂ အစီရင်ခံစာအရ သိရတာပါ။

ထို့အတူပဲ အခုဆိုရင် မိမိတို့ တိုင်းပြည်မှာ စစ်ဖြစ်လို့ အိုးအိမ်စွန့်ခွာရသူ အရေအတွက် မည်မျှရှိနေပြီ ဆို သည်ကို သက်ဆိုင်ရာ များက စနစ်တကျ စာရင်းပြုစု ကြေညာသင့်ပါတယ်။ ဘယ်လို ကူညီစောင့်ရှောက်မှု ပြုကြ မလဲဆိုတဲ့ ခိုင်မာပွင့်လင်းတဲ့ စီမံချက်ကို တိုင်းပြည်ကို ချပြသင့်ပါတယ်။ ပြီးတော့မှ မိမိအစီအစဉ်နဲ့မိမိ ကူညီပေးကြ ဖို့၊ တစ်ချိန်တည်းမှာလည်း နိုင်ငံတကာ အကူအညီ ယူဖို့၊ လိုအပ်လျှင်လည်း အမြန်ယူကြဖို့ လိုအပ်ကြောင်း တင်ပြ လိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required