သြစတြေးလျတွင် ခရီးသည်က ဘတ်စ်ကားကို မီးရှို့ခဲ့၍ ယာဉ်မောင်းသေဆုံး

သြစတြေးလျတွင် ခရီးသည်က ဘတ်စ်ကားကို မီးရှို့ခဲ့၍ ယာဉ်မောင်းသေဆုံး

အောက်တိုဘာ ၂၈ ။                  ။ သြစတြေးလျနိုင်ငံ Brisbane မြို့တွင် ဘတ်စ်ကားတစ်စီးကို ခရီးသည်တစ်ဦးက မီးတင်ရှို့မှုဖြစ်ပွားပြီး ယာဉ်မောင်းဖြစ်သူ သေဆုံးသွားကြောင်း ရဲများက ပြောသည်။

အဆိုပါခရီးသည်က ဘတ်စ်ကားတွင်းသို့ မီးလောင်စေသည့် အရာတစ်ခုဖြင့် ပစ်သွင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် အလွန်တရာ ကြောက်လန့် တုန်လှုပ်နေခဲ့သော ခရီးသည်ခြောက်ဦးမှာ မီးခိုးများ ဖုံးနေသည့် ယာဉ်အတွင်းမှ ထွက်လာနိုင်ခဲ့သည်ဟုလည်း ဆိုသည်။ မီးလောင်နေသော ဘတ်စ်ကား   နောက်မှန်ကို ရိုက်ခွဲကာ အနီးအနားရှိ တက္ကဆီဒရိုင်ဘာတစ်ဦးက ၎င်းတို့ကို ကူညီလွတ်မြောက်စေခဲ့ခြင်းဖြစ်သည်။

မီးခိုးမွန်းမှုနှင့် အသေးစား ဒဏ်ရာများကြောင့် လူ ၁၁ ဦးထိ ဆေးကုသမှု ခံယူခဲ့ရသည်ဟုလည်း သိရသည်။

ယခုအခါ ရဲများက အသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးထားပြီး ယခုဖြစ်စဉ်မှာ အကြမ်းဖက်မှုနှင့် ဆက်စပ်နေခြင်း မရှိကြောင်းလည်း ဆိုထားသည်။

ဘတ်စ်ကားအတွင်း ပိတ်မိသေဆုံးသွားသော ဒရိုင်ဘာမှာ အသက် ၂၉ နှစ်အရွယ် Manmeet Alisher ဆိုသူ ဖြစ်ကြောင်း ရဲများက ထုတ်ပြန်ထားသည်။

" ကျွန်တော့်တစ်သက်မှာ အခြေအနေဖြစ်ရပ် တော်တော်များများနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်၊ ဒါပေမယ့် ခုဖြစ်တာမျိုးကိုတော့ အရင်က တစ်ခါမှ မကြုံဖူးပါဘူး" ဟု ရဲအရာရှိ Jim Keogh က သတင်းထောက်များကို ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required