ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း အမျိုးသမီးပါ၀င်မှု (နိဂုံးပိုင်း)

ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း အမျိုးသမီးပါ၀င်မှု (နိဂုံးပိုင်း)

အရင်အစိုးရလက်ထက်နဲ့ အခုအစိုးရလက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး မူဝါဒတွေက ဘာတွေပြောင်းသွားသလဲ လုပ်ရကိုင်ရတာတွေ ဘယ်လောက်အထိ   ချောချောမွေ့မွေ့   ဖြစ်လာသလဲ ပြောပြပေးပါခင်ဗျ။

ဒေါ်မေစံပယ်ဖြူ

ဒါရိုက်တာ၊ ကျားမရေးရာတန်းတူညီမျှရေး ကွန်ရက်

ကျွန်မအမြင်အရတော့ အရင်အစိုးရလက်ထက်နဲ့ အရင်တုန်းက ငြိမ်ချမ်းရေးဖြစ်စဉ်မှာ အဓိက ဦးဆောင်နေကြတဲ့ အဖွဲ့အစည်းတွေပေါ့ အမျိုးသမီးတွေ ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်ပြီး   ငြင်းဆိုမှု   တော်တော်လေးများတယ်၊ ဒါပေမယ့်လည်း အခု အစိုးရသစ်လက်ထက်မှာ ပြန်ပြီးတော့ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တွေ့ကြည့်လိုက်တဲ့အခါမှာ သူတို့က အမျိုးသမီးတွေ ၃၀  ရာခိုင်နှုန်း ပါဝင်လာမှုကို အပြည့်အဝထောက်ခံတာ တွေ့ရပါတယ်။ အဲဒီတော့ ဘာကိုဆိုလိုတာလဲဆိုတော့ အရင်အစိုးရလက်ထက်နဲ့ ဒီအစိုးရလက်ထက်ကို ယှဉ်ကြည့်တဲ့အခါမှာ လက်ခံနိုင်မှုအပေါ်မှာ ဒီအစိုးရသစ်ကတော့ အမျိုးသမီးတွေ ပါဝင်နိုင်မှုကို သူတို့က လိုလိုလားလားနဲ့ လက်ခံနိုင်စွမ်း ပိုမြင့်တယ်လို့တော့ မြင်တယ်။ ဒါပေမယ့် ဘာလိုအပ်နေတာလဲဆိုတော့ အခုနက အမပြောသလိုပဲ ဒီဖွဲ့စည်းပုံတွေ စံနစ်တွေကို ပြင်ဆင်ဖို့အတွက် လိုအပ်နေတာပါ။

အဲဒါ တခါတလေကြရင်ကျွန်မတို့လည်း ပါစေချင်တာပဲပေ့ါနော်၊ ဒါပေမယ့်လည်း အခုနကပြောသလို အစုအဖွဲ့တစ်ခုချင်းစီကနေ သူတို့က ဖိတ်ကြားလိုက်တာ၊ ပြီးတော့ ဒီဆွေးနွေးပွဲတွေမှာ ဘယ်သူတက်ရောက်မလဲဆိုတာတွေကို အစုအဖွဲ့ကိုယ်စီက သူတို့ဖါသာသူတို့ ဆုံးဖြတ်တာဖြစ်တယ်။ ဆုံးဖြတ်တဲ့အခါကြတော့ အစုအဖွဲ့တွေက သူတို့ရဲ့ အစုအဖွဲ့ထဲက အမျိုးသမီးတွေကို မထည့်လာဘူးဆိုရင် အမျိုးသမီးအရေအတွက်က အလိုလိုကို နည်းသွားရော၊ အဲဒီဟာက အဓိကပြဿနာရှိနေတာလို့ သူတို့ကလည်း ကျွန်မတို့ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါတယ်၊ ကျွန်မတို့က စသလိုနောက်သလိုပြောဖြစ်ပါတယ်။ အကယ်၍များ ဖိတ်ကြားသူစာရင်းတွေမှာ အမြဲတန်းစာရင်းတွေတက်လာပါတယ်။ အဲဒီအထဲမှာ အမျိုးသမီးတွေ ၃၀ရာခိုင်နှုန်း မပါဝင်သေးဘူးဆိုရင် အဲဒီ ဖိတ်ကြားသူစာရင်းကို ပြန်ချပေးပြီး အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါအောင်ဖိတ်ပေးပါလို့ ပြန်ပြီး တွန်းအားပေးတာမျိုး လုပ်လို့ရတယ် လုပ်ပေးသင့်တယ်လို့ ကျွန်မတို့က မြင်တယ်။ အဲသလိုမှ တွန်းအားမပေးဘူးဆိုရင် ရေတိုမှာ အမျိုးသမီးတွေ ၃၀ ရာခိုင်နှုန်း ပါဝင်လာနိုင်ရေး ဘယ်လိုမှ ဖြစ်လာမှာမဟုတ်ဘူး။ အဲဒီတော့ တဖက်မှာ အထူးသဖြင့် တပ်မတော်အစုအဖွဲ့နဲ့   ကျောင်းသားလက်နက်ကိုင် အစုအဖွဲ့မှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဝင်လာဖို့ အရမ်းအခက်အခဲရှိတဲ့အကြောင်းကို သူတို့ကလည်းပြောကြတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ စားပွဲမှာ ထိုင်မယ့်သူတွေကို ရာထူးတို့ နေရာတို့ အပွင့်တို့နဲ့ပဲ ဆုံးဖြတ်နေမယ်ဆိုရင် သေချာတယ် အမျိုးသမီးတွေ ပါဝင်ခွင့်ရမှာမဟုတ်ဘူး။ အဲသလို ရာထူး အပွင့်တို့နဲ့ဆုံးဖြတ်တာမျိုးမဟုတ်ဘဲနဲ့ ဒီငြိမ်းချမ်ရေးဆွေးနွေးပွဲမှာ ဘယ်သူတွေကတော့ နိုင်ငံသားတွေအနေနဲ့ ဒီလူဒီလူတွေဟာ ပါဝင်ထိုက်တဲ့သူဖြစ်တယ်ဆိုတဲ့ ပြောင်းလဲတဲ့အမြင်နဲ့စဉ်းစားမှပဲ အမျိုးသမီးတွေ ပါဝင်လာနိုင်မှုဆိုတာ ဖြစ်နိုင်တယ်ပေါ့။ ကျွန်မတို့အတွက် နည်းနည်းအားရှိစရာကောင်းတာကတော့ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်အစုအဖွဲ့။ လွှတ်တော်အစုအဖွဲ့မှာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေ ရွေးကောက်တင်မြှောက်ခံရတာ အများကြီးရှိလာတာဖြစ်တဲ့အတွက်ကြောင့် လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ကနေ အမျိုးသမီး ၃၀ ရာခိုင်နှုန်း အနည်းဆုံးပါရမယ်ဆိုတာကို မူအားဖြင့် သတ်မှတ်မယ်ဆိုရင် မဖြစ်နိုင်စရာအကြောင်း မရှိပါဘူး။ အဲသလိုပဲ အစိုးရအစုအဖွဲ့ကနေ တက်ရောက်လာကြမယ်ဆိုရင်လည်း ဒီ အမျိုးသမီးတွေကို ၃၀ ရာခိုင်နှုန်း အနည်းဆုံးပါဝင်ခွင့်ပေးတဲ့ မူကို ချမှတ်ပြီးတော့ ပါဝင်စေလို့ရတယ်ပေါ့။ ကျွန်တော်တို့က အမျိုးသမီးတွေကို ပါဝင်စေလိုပါတယ်၊ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးနဲ့ အမျိုးသမီးတွေက မပါဝင်လာပါဘူးဆိုတာမျိုးနဲ့ပဲ ကျွန်မတို့ ဆွေးနွေးပွဲတစ်ခုပြီးတစ်ခု ညီလာခံတစ်ခုပြီးတစ်ခုသာ ပြီးသွားမယ် ဘယ်လိုမှ ဒီဘက်က ပြုပြင်ပြောင်းလဲမှုတွေ စံနစ်တွေ ဖွဲ့စည်းပုံတွေကို   ပြောင်းလဲခြင်းမရှိဘဲနဲ့တော့ အမျိုးသမီးတွေဟာ သူ့အလိုလိုနဲ့ ပါလာမှာတော့ မဟုတ်ပါဘူး။

မဇ္ဈိမ

ကျေးဇူးတင်ပါတယ်။

ဆရာမ နော်မေဦး ကျွန်တော်မေးပါရစေ။ အဲဒီတော့ စည်းမျဉ်းစည်းကမ်းတွေ မူဝါဒတွေပြင်ဖို့လိုတယ်လို့ပြောတယ်။ ဒါပေမယ့် တကယ့်တကယ် ဒါတွေပြင်လိုက်ရင်ကော ဆရာမထည့်ပြော သွားတဲ့အထဲမှာကောပါလာတယ် Mind Set ဆိုတာပါလာတယ်။ လူမှုအဖွဲ့အစည်းကယူဆထားတဲ့အယူအဆတွေ။ အဲဒီတော့ ဒီ Mind Set မပြောင်းဘဲ ဒီမူဝါဒတွေ ဘယ်လောက်ပဲကောင်းနေပါစေ ကျွန်တော်တို့  ပြောင်းနိုင်ပါ့မလား။

နော်မေဦး

အကြီးတန်းဆက်သွယ်ညှိနှိုင်းရေး အရာရှိ( Joint Peace Fund )

ပြီးခဲ့နိုဝင်ဘာလ ၁၇ ရက်နေ့က မြန်မာပြည်သူတွေက သူတို့ဆန္ဒကို လုံးဝထုတ်ဖေါ်လိုက်တာက နှစ်ပေါင်းများစွာ ဒီမိုကရေစီဆိုတာဘာလဲလို့ဆိုတာ လူတွေအများကြီးက အဖွဲ့အစည်းအများကြီးက ပုဂ္ဂိုလ်တွေ နိုင်ငံရေးခေါင်ဆောင်တွေအပါအဝင်ပေါ့လေ သူတို့က ထောင်အကျခံပြီးတော့ ဒီမိုကရေစီကြောင့် သူတို့ဘဝတွေ ဘယ်လိုပြောင်းလဲသွားနိုင်သလဲ ဒီမိုကရေစီထွန်းကားရင် တိုင်းပြည်ဘယ်လို အလားအလာတွေ ရှိလာနိုင်သလဲဆိုတာကို တိုင်းသူပြည်သားတွေကို အများကြီးအသိပေးခဲ့တယ်။ ဒါ့အပြင် အစိုးရအဆက်ဆက်အောက်က သူတို့ရဲ့အဖိနှိပ်ခံဘဝနဲ့ တိုင်းသူပြည်သားတွေရဲ့ အသိကို ယှဉ်လိုက်တဲ့အခါမှာ ဒီ ပြီးခဲ့တဲ့ နိုဝင်ဘာလရဲ့အဖြေကို ရတယ်။ ဆိုတော့ အခု အမျိုုးသမီးအမျိုးသားတန်းတူရေးနဲ့ပတ်သက်တဲ့အလုပ်ကို ကျွန်မတို့က ဆက်လုပ်ရမှာပဲ။ ဟုတ်တယ် တချိန်တုန်းက ကျွန်မတို့ရဲ့ လူမှုအသိုင်းအဝိုင်းမှာ ပုံစံအမျိုးမျိုး ကဏ္ဍအမျိုးမျိုး ရှုထောင့်အမျိုးမျိုးကနေပြီးတော့ အမျိုးသမီးနဲ့ အမျိုးသားမတူဘူး၊ မညီဘူးဆိုတာကို ကျွန်မတို့ကို စံနစ်တကျသင်ပေးတာ ရိုက်သွင်းထားတာ၊ ဘာသာရေးနဲ့သွင်းတယ် ပညာရေးနဲ့သွင်းတယ် လူမှုရေးနဲ့သွင်းတယ် စနစ်တကျသွင်းတယ်။ စနစ်တကျသွင်းတာကို ထုတ်ချင်ရင် ကျွန်မတို့က စံနစ်တကျ ထုတ်ရမယ်။ ဒီတော့ မူဝါဒတွေပြဌာန်းရမယ် အဲဒီ အဆောက်အအုံတွေကို ဖြိုရမယ်၊ ဥပဒေနဲ့ အကာအကွယ်ယူရမယ် ဥပဒေပြဌာန်းြ့ပီးတော့ အကောင်အထည်ဖေါ်ရမယ်။ ကျွန်မတို့ အသိပညာရေးနဲ့ပြောတဲ့အခါမှာ ကျားမတန်းတူရေးဆိုတာ အမျိုးသမီးကိစ္စချည်းပဲ မဟုတ်ဘူး၊ ကျွန်မသားကိစ္စဖြစ်တယ် ကျွန်မသမီးကိစ္စဖြစ်တယ်၊ ကျွန်မကိစ္စဖြစ်တယ် ကျွန်မအမျိုးသားကိစ္စဖြစ်တယ်။ ဆိုတော့ ကျားမတန်းတူရေးကို နားလည်သင့်သလောက် နားလည်တယ်ဆိုလို့ရှိရင် တန်းတူရေးကို လူ့တန်ဘိုးတစ်ခုအနေနဲ့ လက်ခံရင် ကျားမတန်းတူရေးကို ငြင်းလို့မရဘူး။ နှစ်ယောက်စလုံးက လူပဲ။ တစ်ယောက်က တိရစ္ဆာန် တစ်ယောက်က လူ အဲသလိုမဟုတ်ဘူး။ လူချည်းပဲ။ ဒါကို အမျိုးသမီးတန်းတူရေးကို ငြင်းဆိုတယ်ဆိုရင်တော့ ကျွန်မတို့ လူမဟုတ်တော့ဘူး။ ကျွန်မတို့ကအဲသလို အခြေခံကျကျပဲသွားသင့် သွားချင်တယ်။ သွားမယ်ဆိုရင် ကျွန်မတို့ယုံကြည်ပါတယ်။ မြန်မာပြည်သူပြည်သာတွေ ငြင်းမယ်မဟုတ်ပါဘူူး။ အဲသလို အသိရဖို့အဲသလိုစဉ်းစားဖို့လိုတယ်လို့ ကျွန်မတို့မြင်ပါတယ်။

ဆိုတော့ ပြောရတာလွယ်တယ်။ တကယ်တန်းလုပ်တော့ လွယ်တော့မလွယ်ဘူးဆိုတာ ကျွန်မလက်ခံပါတယ်။

မဇ္ဈိမ

အဲဒီတော့ ဆရာမက ပြောသွားတာ လူအားလုံးအတွက် နိုင်ငံသူ နိုင်ငံသားအားလုံးအတွက်ပြောသွားတာ။

အခုနက ပြောသွားတဲ့ မူဝါဒတွေ ဥပဒေတွေပြဌာန်းဖို့လိုမယ်လို့ပြောတယ်။ အစိုးရဘက်ကရော ဘာများပံ့ပိုးဖို့ လိုမယ်ထင်သလဲ။

ဒေါ်မေစံပယ်ဖြူ

ဒါရိုက်တာ၊ ကျားမရေးရာတန်းတူညီမျှရေး ကွန်ရက်

ကျားမရေးရာကဏ္ဍဆိုတာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ မဟုတ်ပါဘူး။ နိုင်ငံရဲ့ ကိစ္စရပ်တိုင်းမှာ ကျားမရေးရာတန်းတူရေးအမြင်နဲ့ ဥပဒေတွေ ပြဌာန်းထားဖို့ိုလိုပါတယ်။ ပြီးတော့   နိုင်ငံတော်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ နိုင်ငံရဲ့အသုံးစရိတ်တွေကို သုံးစွဲတဲ့နေရာမှာလည်း ကျားမရေးရာအမြင်နဲ့ ကျားမရေးရာဘတ်ဂျက် ထားပြီးသုံးစွဲဖို့ လိုပါတယ်။ အဲဒီတော့ မူဝါဒတွေ ဥပဒေတွေကောင်းမွန်အောင် ဘယ်လောက်ပဲထားထား အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းအစီစဉ်တွေ ဘတ်ချက်ခွဲဝေချထားမှုတွေ မရှိဘူးဆိုရင်လည်း အဲဒီမူဝါဒတွေ ဥပဒေတွေဟာ အကောင်အထည်ပေါ်လာမှာ မဟုတ်ပါဘူး။

နောက်တစ်ခုကတော့ ကျွန်မတို့ပြောချင်တာကတော့ ကျားမတန်းတူညီမျှရေးကို နိုင်ငံတော်အစိုးရကို မူတစ်ရပ်အနေနဲ့ကို ချမှတ်ပြီး ဆောင်ရွက်စေချင်တာပါ။ ဘာကြောင့်လည်းဆိုတော့ လူမှုရေး ပညာရေး ဘာသာရေး နည်းလမ်းအမျိုးမျိုးနဲ့ ကလေးတွေကို ကြီးပြင်းလာတဲ့တလျောက်လုံးမှာ ပုံသွင်းပြုပြင်ခြင်းခံထားရတဲ့ ကျားမခွဲခြားထားတဲ့အမြင်တွေကို ပပျောက်ဖို့ဆိုရင် နိုင်ငံတော်ရဲ့ မူဝါဒတစ်ရပ် အနေနဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုတွေမှာလည်း ကျားမရေးရာနဲ့ပတ်သက်တဲ့အမြင်တွေကို ပြောင်းလဲပေးနိုင်တဲ့ သင်ရိုးညွှန်းတမ်းတွေကို ပြန်ပြီး ပြင်ဆင်ရမယ်။

ပြီးတော့ မီဒီယာတွေရဲ့ အခန်းကဏ္ဍက တကယ့်ကို အရေးပါပါတယ်။ မြင်ရ ကြားရ ဖတ်ရှုရတာ အားလုံး ကျားမခွဲခြားဆက်ဆံမှုအမြင်တွေကို ထပ်ကာတလဲလဲ မီဒီယာတွေက ထုတ်လွှင့်ရေးသားနေ မယ်ဆိုရင်လည်း လူတွေရဲ့အသိအမြင်တွေ ပြောင်းလဲမှာမဟုတ်ပါဘူး။ ပြောင်းလဲဖို့အတွက်ဆိုရင် အမျိုးသမီးအဖွဲ့တွေ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ တနိုင်တပိုင်လုပ်တာလောက်နဲ့ ကျွန်မတို့ ဘယ်လိုမှ ပြောင်းလဲနိုင်မှာမဟုတ်ဘူး။ နိုင်ငံတော်အစိုးရ အနေနဲ့ Gender Equality ပေါ်လစီကို မူဝါဒတစ်ရပ်အနေနဲ့ အပြောပဲ မဟုတ်ဘဲ လက်တွေ့ဆောင်ရွက်ပေးသင့်တယ်။ အဲသလိုဆောင်ရွက်ဖို့အတွက် တကယ်တန်းမှာ ကမ္ဘာကြီးကလည်း ကျားမတန်းတူညီမျှမှုရှိတဲ့ SDG လို့ခေါ်တဲ့ ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူမှုဖူလုံရေးရည်မှန်းချက်တွေ ထားတဲ့နေရာမှာ ကျားမတန်းတူညီမျှမှု ရှိရေးသည်လည်း ရည်မှန်းချက်တွေထဲမှာ တစ်ခုပါတယ်ပေါ့။ အဲဒါ ကမ္ဘာရွာထဲမှာ မြန်မာနိုင်ငံဟာလည်း သေးငယ်တဲ့နိုင်ငံတစ်ခုအနေနဲ့ ပါဝင်နေတယ်။ အဲဒီတော့ တကမ္ဘာလုံးကလည်း ကျားမတန်းတူညီမျှရေး ဆောင်ရွက်နေတဲ့နေရာမှာ ဒီနိုင်ငံဒီအစိုးရအနေနဲ့ မချမှတ် မဆောင်ရွက်နိုင်စရာအကြောင်း မရှိဘူးလို့ ထင်ပါတယ်။ သူများနိုင်ငံထက် နှစ်ပေါင်း ၅၀ လောက် နောက်ကျကျန်ရစ်ခဲ့ရတဲ့ ကျွန်မတို့နိုင်ငံလိုအခြေအနေမျိုးမှာ အဆင်းရဲဆုံးနိုင်ငံဆိုတဲ့ သတ်မှတ်ချက်တွေ ထဲကနေ အမြန်ဆုံးလွတ်မြောက်နိုင်ဖို့ဆိုရင် ဒီနိုင်ငံအတွင်းမှာနေထိုင်တဲ့ ၅၁ သန်းသော လူဦးရေထက် ထက်ဝက်ဖြစ်တဲ့ ၅၁ ရာခိုင်နှုန်းကျော်သော အမျိုးသမီးတွေရဲ့ ကိုယ်စွမ်းညာဏ်စွမ်း အရည်အသွေးတွေ အားလုံးကို ဖေါ်ထုတ်အသုံးပြုနိုင်အောင် နည်းလမ်းတွေ အခွင့်အလန်းတွေ ဖန်တီးပေးမှသာ ကျွန်မတို့တတွေဟာ သူများတွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ   ဖြစ်လာနိုင်တယ်။ အဲတော့ ရှေးရိုးစွဲ အယူအဆတွေကနေ အမျိုးသမီးတွေဟာ အိမ်ထဲမှာပဲနေရမယ်ဆိုပြီး သူများတွေ တကမ္ဘာလုံးက အမျိုးသမီးတွေ လကမ္ဘာတောင်တက်နေတဲ့အချိန်မှာ ကျွန်မတို့နိုင်ငံက အမျိုးသမီးတွေကို အိမ်ထဲကနေ မထွက်နိုင်တဲ့အယူအဆမျိုးနဲ့ပဲ ဆက်ပြီးတော့ ရှင်သန်နေဦးမယ်ဆိုရင် သေချာပါတယ် ကျွန်မတို့ဟာ ဘယ်တော့မှ အဆင်းရဲဆုံးနိုင်ငံဘဝကနေ လွတ်မှာမဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။

ပထမပိုင်းအား အောက်ပါလင့်တွင် ကြည့်နိုင်ပါသည်-http://www.mizzimaburmese.com/article/19551
ဒုတိယပိုင်းအား အောက်ပါလင့်တွင် ကြည့်နိုင်ပါသည် - http://www.mizzimaburmese.com/article/19588

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required