အာရှဘောလုံး အဖွဲ့ချုပ်ရဲ့ နှစ်ပတ်လည်ဆုပေးပွဲကို အဘူဒါဘီမှာ ကျင်းပမည်

အာရှဘောလုံး အဖွဲ့ချုပ်ရဲ့ နှစ်ပတ်လည်ဆုပေးပွဲကို အဘူဒါဘီမှာ ကျင်းပမည်
(ဓာတ်ပုံ - AFC)

အာရှဘောလုံး အဖွဲ့ချုပ် (AFC) ရဲ့ နှစ်စဉ်ကျင်းပနေကျ ထူးချွန်ဆုပေးပွဲ AFC Annual Awards ကို လာမယ့် ဒီဇင်ဘာ ၁ ရက်မှာ ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

ဂုဏ်သိက္ခာကြီးမားတဲ့ အာရှဘောလုံး လောကရဲ့ အမြင့်ဆုံး ဆုပေးပွဲကြီးဖြစ်တဲ့ AFC Annual Awards ဆုပေးပွဲမှာ အာရှ အကောင်းဆုံး ကစားသမားဆု၊ အာရှဒေသတွင်း အကောင်းဆုံး နိုင်ငံခြား ကစားသမားဆု၊ အကောင်းဆုံး လူငယ် ကစားသမားဆု၊ အကောင်းဆုံး လက်ရွေးစင်အသင်းဆု စတဲ့ ဆုပေါင်းများစွာကို ပုံမှန်ပေးအပ်နေကျဖြစ်ပါတယ်။

အဆိုပါဆုပေးပွဲကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်အတွက်  အာရှအကောင်းဆုံး အမျိုးသား ကစားသမားဆုကို ယူအေအီးကလပ် အယ်အာလီအသင်းမှ ယူအေအီး လက်ရွေးစင်ကစားသမား အာမက်ခါလီက ရရှိခဲ့ပြီး အမျိုးသမီး အကောင်းဆုံး ဆုကို ဂျပန်လက်ရွေးစင် အာယာ မီယာမာက ရရှိထားပါတယ်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ယခုနှစ် ဆုပေးပွဲတွင် ဆုနှစ်ဆုအတွက် လျှောက်ထားမှု ပြုလုပ်ထားကြောင်း သိရပါတယ်။ ၎င်းဆုများမှာ Member Association of the Year ဆု နှင့် Dream Asia Award ဆုများဖြစ်ပါတယ်။

Member Association of the Year ဆုမှာ ဘောလုံးအဖွဲ့ချုပ် တစ်ခုရဲ့ တစ်နှစ်တာအတွင်း လက်ခံကျင်းပတဲ့ ပြိုင်ပွဲများ၊ လူငယ်ဖွံ့ဖြိုးရေး လုပ်ဆောင်ချက်တွေ စတဲ့ လှုပ်ရှားမှုတွေကို အကဲဖြတ်ကာ ချီးမြှင့်တဲ့ ဆုဖြစ်ပြီး Dream Asia Award မှာ လူမှုရေး လုပ်ဆောင်ချက်တွေအပေါ် မူတည်ကာ ပေးအပ်တဲ့ ဆုဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဟာ Dream Asia Award ကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က တစ်ကြိမ် ရရှိထားဖူးပါတယ်။

Source: Myanmar Football Federation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required