မြန်မာနိုင်ငံရှိ အသက် ၅ နှစ်အောက်ကလေးငယ် သုံးဦးတွင် တစ်ဦး ပုညှက်နေ

မြန်မာနိုင်ငံရှိ အသက် ၅ နှစ်အောက်ကလေးငယ် သုံးဦးတွင် တစ်ဦး ပုညှက်နေ
Photo-credit-Andre-Malerba

ရန်ကုန်၊ အောက်တိုဘာ ၂၇ ။             ။ မြန်မာကလေးငယ်ပေါင်း ၁.၆ သန်းသည်ပုညှက်ပြီး ၎င်းအရေအတွက်သည် အသက် ၅နှစ်အောက်ကလေးငယ် သုံးဦးလျှင် တစ်ဦး ထက်ပင်ကျော်လွန်နေကြောင်း ကလေးသူငယ် အခွင့်အရေးလုပ်ဆောင်နေသည့်အဖွဲ့ Save The Children မှသုတေသန စာတန်းတစ်စောင်ထုတ်ပြန်လိုက်သည်။

“ဒီလိုမျိုးအဟာရချို့တဲ့ပြီး ပုညှက်ခြင်းတွေက ဘာကြောင့်ဖြစ်ရလဲဆိုတော့ ကိုယ်ဝန်စရှိတဲ့အချိန်ကစပြီးတော့ ကလေးတစ်နှစ်ပြည့်တဲ့အတွင်းမှာ မိခင်သည် ကိုယ်ဝန်ဆောင်တွင်းမှာ နားလည်တတ်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းနဲ့ စောင့်ရှောက်မှုမရရှိခဲ့ဘူးဆိုရင် ဒါ… ရေရှည်အဟာရချို့တဲ့မှုနူန်းကပိုများသွားတယ်" ဟု Save The Children မှပြောရေးဆိုခွင့်ရှိသူ ကိုဆွေလင်းမောင်ကပြောသည်။

အောက်တိုဘာ ၂၇ ရက်က ဆူးလေ ရှန်ဂရီလာဟိုတယ်တွင် Save The Children အဖွဲ့မှပြုလုပ်သည့် “ကလေးများအားလုံး ပုညှက်ခြင်းမှ ကင်းဝေးရေး" ခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဟာရချို့တဲ့ ပုညှက်ခြင်းသည် မြို့ပြဒေသထက် ကျေးလက်ဒေသတွင် သိသာထင်ရှားစွာမြင့်မားနေပြီး ချင်းပြည်နယ်တွင် ၅၈ ရာခိုင်နူန်း၊ ရခိုင်ပြည်နယ်တွင် ၅၀ ရာခိုင်နူန်းဖြင့် အမြင့်မားဆုံးရှိနေကြောင်း ထုတ်ပြန်စာတွင် ဖော်ပြပါရှိသည်။

မိခင်ဝမ်းတွင်းကာလ၌ ကြီးထွားဖွံဖြိုးမှု အားနည်းခဲ့ခြင်းကြောင့် မြန်မာနိုင်ငံရှိ အသက် ၆ လအောက် ကလေးငယ် ၁၅ ရာခိုင်နူန်းနီးပါးသည် ပုညှက်နေကြပြီး အသက် ၂နှစ် နှင့် ၃ နှစ် အရွယ်ကလေးများကြားတွင် အများဆုံး ဖြစ်ပွားနေကြောင်း သတင်းစာရှင်း လင်းပွဲ အချက်အလက်များအရသိရသည်။

“ဆရာမတို့မှာ ကိုယ့်ဝန်ထမ်းအဖွဲ့နဲ့လည်း ကိုယ်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ပြောရမယ်ဆိုရင် ဝန်ထမ်းအင်အားလုံလောက်မှုမရှိတာရယ် ခက်ခဲတဲ့နေရာဒေသတွေသွားဖို့ သွားလာဖို့ခက်ခဲတဲ့နေရာတွေရှိတယ်။ ဝန်ထမ်းအင်အားလုံလောက်မှုမရှိဘူး။ နောက်ပြီး ပေးနိုင်တဲ့ အထောက်ပံ့ပစ္စည်းတွေ ဒါတွေမရှိဘူး။ အဲ့ဒါဘာဖြစ်လဲ လုပ်သော်လုပ်လည်း ဒါတွေက အခက်အခဲလေးတွေဖြစ်တယ်" ဟု ဒုတိယ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန မှ ဒေါက်တာဒေါ်ခင်စောရီ ကပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့်  ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း ၇၅၃၀၀၁ ဒသမ ၃၇၈ ရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required