မြစ်ဆုံ စီမံကိန်း လုံးဝ ရပ်ဆိုင်းပေးရန် အင်ဂျန်းယန် ဒေသခံများ သမ္မတထံ အိတ်ဖွင့်စာပို့

မြစ်ဆုံ စီမံကိန်း လုံးဝ ရပ်ဆိုင်းပေးရန် အင်ဂျန်းယန် ဒေသခံများ သမ္မတထံ အိတ်ဖွင့်စာပို့

ချင်းမိုင်၊ အောက်တိုဘာလ ၂၇ ။            ။ ဧရာဝတီ မြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း လုံးဝရပ်တန့်ရန် အင်ဂျန်းယန်မြို့နယ်တွင် နေထိုင်သော ဒေသခံ ၇၆ ဦးက လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ အိတ်ဖွင့်ပေးစာ ပေးပို့တောင်း ဆိုလိုက်သည်။

“ မြစ်ဆုံစီမံကိန်းကို မဆောက်ဘဲ ရပ်တန့်စေချင်လို့ ကျနော်တို့ ဒေသခံတွေကို သဘောထားတွေ ဆွေးနွေးကြ တယ်။ ဒီဆည်ဆောက်ရင် ကျနော်တို့ဒေသတော့ ထိခိုက်မှာဘဲ ဆိုပြီး ကျနော်တို့ သမ္မတဆီ အသနားခံစာ တင် ရအောင်ဆိုပြီး သဘောထားထုတ်ခဲ့တာပါ” ဟု လက်မှတ်ရေးထိုးတောင်းဆိုခဲ့သူ အင်ဂျန်းယန်မြို့နယ်မှ ဓမ္မဆရာ ဦးဘရန်ရှောင်က ပြောသည်။

အောက်တိုဘာလ ၂၅ ရက်နှင့် ၂၆ ရက်များတွင် အင်ဂျန်းယန်မြို့နယ် မဇွပ်ယန် ကျေးရွာတွင် ဧရာဝတီမြစ်ဆုံ မြစ်ညှာ၊ မြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံ ရပ်မိရပ်ဖ ၁၀၉ ဦး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ၍ တောင်းဆိုခဲ့ခြင်းလည်း ဖြစ်သည်။

မြစ်ဆုံ ရေကာတာ စီမံကိန်းတည်ဆောက်ပါက ဒေသခံများအနေဖြင့် နစ်နာဆုံးရှုံးမှုအများအပြားရှိသဖြင့် စီမံကိန်းတည်ဆောက်မှုကို လုံးဝရပ်တန့်စေလိုသည်ဟု လက်မှတ်ရေးထိုးတောင်းဆိုခဲ့သူ ဒေါ်ဘောက်ဂျာက ပြော သည်။

“ကျမတို့ ဒေသခံတွေ အရမ်းကို နစ်နာမှာ ဆိုးလို့လေ။ ကျမတို့က တကယ်ဘဲ ရပ်တန့်စေချင်ပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ဒေသခံ ပြည်သူများ၏ သဘောထား ဆန္ဒဆုံးဖြတ်ချက် မပါသော ပွင့်လင်းမြင်သာမှုမရှိသော ဧရာဝတီ မြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းများ အားလုံးကို လုံးဝရပ်ဆိုင်းရန် တောင်းဆိုထားသည်။

၎င်းစီမံကိန်း တည်ဆောက်ပါက မေခမြစ်နှင့် မလိခမြစ်ဆုံဆည်းရာ အင်ဂျန်းယန်မြို့နယ်အတွင်း ကျေးရွာပေါင်း  ၁၃၁ ရွာ၊ အိမ်ခြေ ၈၀၀၀ ကျော် ရေနစ်မြှုပ်မည်ဖြစ်ပြီး လူဦးရေ ၄၀၀၀၀ ကျော် မိမိနေရပ်မှ ပြောင်းရွှေ့ခံရမည် ဖြစ်ကြောင်း အဆိုပါ အိပ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ထို့ပြင် မူလတန်းကျောင်း ၂၇ ကျောင်း၊ အလယ်တန်းကျောင်း ၉ ကျောင်း၊ အထက်တန်းကျောင်း ၂ ကျောင်း၊ မူကြိုကျောင်း ၆၀ ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း ၂၆၂ ကျောင်းနှင့် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ၃ ကျောင်း အပါအဝင် အစိုးရ ဌာနဆိုင် ရာရုံးများ၊ ပြည်သူ့ ကျန်းမာရေးဆေးရုံနှင့် ကျေးလက် ကျန်းမာရေး ဆေး ပေးခန်းများ ဆုံးရှုံးနစ်နာမည် ဖြစ်ကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။

မြစ်ဆုံ စီမံကိန်းကို မြန်မာတစ်နိုင်ငံလုံးက ပြည်သူများ ကန့်ကွက်ခဲ့သဖြင့် ယခင်သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က ရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required