မန်းရှိ နိုင်ငံတကာ အဆင့်မီ စက်သုံးဆီ အတင်အချ ဆိပ်ကမ်းတည်ဆောက်ခြင်းကို ပြန်လည်ခွင့်ပြုရန် စစ်ဆေးနေ

မန်းရှိ နိုင်ငံတကာ အဆင့်မီ စက်သုံးဆီ အတင်အချ ဆိပ်ကမ်းတည်ဆောက်ခြင်းကို ပြန်လည်ခွင့်ပြုရန် စစ်ဆေးနေ

မန္တလေး၊အောက်တိုဘာ ၂၇ ။            ။ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ အိုးတုတ္ထန်းလမ်း၊ ဧရာဝတီမြစ်နှင့် ဒုဌဝတီမြစ်ဆုံရာအနီးတွင် နိုင်ငံတကာ အဆင့်မီစက်သုံးဆီ အတင်အချ ဆိပ်ကမ်းတည်ဆောက်နေခြင်းကို ပြန်လည်တည်ဆောက်ခွင့်ပြုရန်အတွက် ကော်မတီတစ်ရပ်ဖွဲ့၍ စိစစ်ခြင်းလုပ်ငန်းများဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးဇာနည်အောင်က မဇ္ဈိမကို ပြောသည်။

"စီမံကိန်းက ယခင်အစိုးရက ခွင့်ပြုထားတာပါ။ အခုကော်မတီဖွဲ့ပြီး စိစစ်ဆောင်ရွက်မှုတွေ လုပ်နေပါတယ်။ အခုလောလောဆယ်တော့ လုပ်ငန်းကို ဆိုင်းငံ့ထားတယ်" ဟု ဦးဇာနည်အောင်က ပြောသည်။

စိစစ်ရေးကော်မတီကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်ကဖွဲ့စည်းခဲ့ပြီး ထိုအဖွဲ့မှ နိုင်ငံသူ၊ နိုင်ငံသားများအတွက် အကျိုးရှိမရှိ၊ ရင်းနှီးမြှုပ်နှံမှု ငွေကြေးက တရားဝင်ငွေဖြူ  ဟုတ်မဟုတ်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ရှိ၊ မရှိ စသည့်အချက်များကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆီအတင်အချ ဆိပ်ကမ်းတည်ဆောက်ခြင်း စီမံကိန်းကို ယခင်အစိုးရလက်ထက် ၂၀၁၅ ဖေဖေါ်ဝါရီလမှ စတင် ဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၁၆ခုနှစ် သြဂုတ်လ ပထမပတ်က ဆက်လက်မလုပ်ကိုင်ရန်ဆိုင်းငံ့ထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စီမံကိန်းကို မြန်မာ့စွမ်းအင် ကဏ္ဍဖွံ့ဖြိုးရေးအများပိုင် ကုမ္ပဏီလီမိတက်မှ မြေ ၃၇ . ၉ ဧကပေါ်တွင် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဂါလံနှစ်သန်းဆံ့ ဆီသိုလှောင်ကန် ၃၂ကန်၊ ဆီတွဲများ ဆိုက်ကပ်ရန် ဆိပ်ခံတံတား ၄ခု တည်ဆောက်မည် ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ယခင်အစိုးရက ခွင့်ပြုထားသည့် မန္တလေး၊ ပြင်ဦးလွင် လမ်းသစ်ဖောက် လုပ်နေခြင်းစီမံကိန်းနှင့် ပြင်ဦးလွင်မြို့နယ်ရှိ စီလီကွန်မြို့သစ် စီမံကိန်းတို့ကိုလည်း ဆိုင်းငံ့ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required