အဋ္ဌမအကြိမ်မြောက် တောင်အာရှအမျိုးသမီးများကွန်ရက် ညီလာခံကျင်းပ

အဋ္ဌမအကြိမ်မြောက် တောင်အာရှအမျိုးသမီးများကွန်ရက် ညီလာခံကျင်းပ

ရန်ကုန်၊အောက်တိုဘာ ၂၇ ။                     ။ အဋ္ဌမအကြိမ်မြောက် တောင်အာရှအမျိုးသမီးများကွန်ရက်ညီလာခံ “South Asia Women’s  Network (SWAN)’s Eigh Annual Conference” ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ဖြစ် အောက်တိုဘာ ၂၅ နှင့် ၂၆ ရက်တို့တွင် အင်းယားလိတ်ဟိုတယ်၌ ကျင်းပခဲ့သည်။

အဆိုပါ ညီလာခံကို အက်ရှင်အေ့ဒ်မြန်မာ၊ မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်ကွန်ရက်(WON-Myanmar) နှင့် တောင်အာရှ အမျိုးသမီးများကွန်ရက် (SWAN)တို့ ပူးပေါင်းကာ တောင်အာရှဖောင်ဒေးရှင်း၏ ကူညီထောက်ပံ့မှု ဖြင့်ကျင်းပခဲ့ခြင်း ဖြစ်သည်။      

အခမ်းအနားတွင် တောင်အာရှ အမျိုးသမီးများ၏ အခန်းကဏ္ဍကို တိုးမြှင့်ပေးခြင်း၊ တောင်အာရှအမျိုးသမီးများ၏ စွမ်းဆောင်ရည်နှင့် စွန့်ဦးတီထွင်မှုစွမ်းရည်ကို မြှင့်တင်ပေးခြင်း၊ ကျားမရေးရာ ကိစ္စရပ်များကို အလေးပေးသည့် မီဒီယာအဖွဲ့များ ထူထောင်ခြင်း၊ ရေရှည်ဖွံ့ဖြိုးမှုကို အထောက်အကူပြုမည့် သဘာဝခရီးသွားလုပ်ငန်း ဆိုင်ရာ လုပ်ငန်းများအစရှိသည့် ခေါင်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။      

အဆိုပါ အခမ်းအနားမှ တစ်ဆင့် ရှေ့ဆက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လက်က “ဒီအခမ်းအနားက  တွေ့ရှိချက်တွေကို ကျွန်မ မဲဆန္ဒနယ်ကနေ အခြေခံပြီး လုပ်နိုင်သလောက် လုပ်သွားမယ်၊ နိုင်ငံတော်အဆင့်အနေနဲ့ လွှတ်တော်မှာမေးခွန်းမေးတာတို့ အဆို တင်သွင်းတာတို့  လုပ်သွားမယ်၊ အဲ့ကနေတစ်ဆင့် လိုအပ်မယ်ဆိုရင် ဥပဒေတွေ ထည့်သွင်းမယ်၊ အသစ်ရေးဆွဲတာလည်း ဖြစ်ချင်ဖြစ်မယ်၊ ပြုပြင်တာ ဖြစ်ချင်ဖြစ်မယ်၊ ဖြည့်စွက်တာဖြစ်ချင်ဖြစ်မယ်၊ ဒါတွေလိုမယ်၊ National Women Commission လိုအဖွဲ့မျိုးဖြစ်လာဖို့ကိုလည်း ကြိုးစားပြီး ဆောင်ရွက်သွားမယ်”ဟု ဆိုသည်။                                            

National Women Commission ကဲ့သို့ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မရှင်များ လိုအပ်နေပြီး ထိုသို့ အဖွဲ့ အစည်းဆိုင်ရာ အားကောင်းမှသာ အမျိုးသမီးများ၏ ဘဝအခြေအနေတိုးတက်လာအောင် တဖြည်း ဖြည်း ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း နှင့် အစိုးရ၊ လွှတ်တော်၊ အုပ်ချုပ်ရေးပိုင်းနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းနှင့် ပညာရှင်များ ပူးပေါင်းပြီး ၎င်းတို့ရေးဆွဲထားတဲ့ နိုင်ငံတော်အဆင့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို အကောင်ထည်ဖော်နိုင်လျှင် တိုးတက်လာမည်ဟု မြင်မိကြောင်းကိုလည်း ဒေါ်ရွှေရွှေစိန်လက်က ဆိုသည်။

တောင်အာရှအမျိုးသမီးများကွန်ရက်သည် တောင်အာရှအတွင်း ရေရှည်တည်တံ့သော စီးပွားရေး နှင့်လူမှုဖွံ့ဖြိုး မှုကို ဖော်ဆောင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ၂၀၀၉ ခုနှစ်၊ မတ်လတွင် စတင်တည်ထောင်ခဲ့သော အဖွဲ့အစည်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင်၊ စာပေနှင့် အနုပညာ ၊ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ ကျန်းမာရေး၊ အစာအာဟာရ၊ပညာရေး၊ လက်မှုနှင့်အထည်အလိပ်များ၊ ဘဏ္ဍာရေး ၊အသက် မွေးဝမ်းကြောင်းနှင့် စွန့်ဦးတီထွင်မှုမြှင့်တင်ခြင်း ၊ မီဒီယာလောကအတွင်း အမျိုးသမီးများ၏ အခန်းကဏ္ဍစသည့် ကဏ္ဍ ရှစ်ခုတွင် လုပ်ငန်းများကို အကောင်ထည် ဖော်ဆောင်ရွက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required